ကျောကပ်မှားသည့် မိတ္ထူ |
![]() |
![]() |
![]() |
Written by မှူးဆက်ပိုင် |
Thursday, 30 August 2012 11:24 |
![]() “မင်း ရူးနေလား”တဲ့။ လူဆိုသည် တစ်ယောက်တစ်မျိုး ရူးနေကြသည့် သတ္တ၀ါတွေပင်။ အချို့က ငွေကြောင့် ငွေနောက်ကို အရူး အမူးလိုက်ရင်း၊ အချို့က ဂုဏ်အရှိန်အ၀ါ ကြောင့် ရာထူး၊ ရာခံနောက် အရူးအမူးလိုက်ရင်း တစ်နေရာ မဟုတ် တစ်နေရာတော့ မလုပ်သင့် မလုပ်အပ်ရာကို အရူးတစ်ယောက်နှင့်မခြား လူမသိ၊ သူမသိ အရူးကွက် နင်းကြသည်ပဲ မဟုတ်လား။ တစ်ခုပဲ ကွာသည်။ အများက အရူးဟု သတ်မှတ် ထားသူတို့က လူအများရှေ့ မှာပင် ပြောင်ပြောင်တင်းတင်း စိတ်အရှိကို စိတ်အရှိအတိုင်း ပြုမူ လုပ်ကိုင်ကြပြီး မိမိကိုယ်ကို လူကောင်းဟု သတ်မှတ် ထား သူတို့က လူမသိ၊ သူ မသိ အရူး လုပ်ရပ်ကို ဖုံး ကွယ်ရင်း ရူးကြသည်။ ဒါပဲ ကွာသည်။ ကျွန်တော့် လုပ်ရပ်ကို “ရူးနေလား”ဟု ပြောသူများ သည် မိမိကိုယ်ကို ရူးနေ ကြောင်း မသိရှိ၊ မသုံးသပ် တတ်သေး သူများပင်။ ဒါ ကြောင့် ထိုအပြောမျိုး ပြော လာသူများကို ကျွန်တော် မတုန်မလှုပ် ခပ်ပြုံးပြုံးဖြင့် နှုတ်ဆက်နေနိုင်ခဲ့သည်။ အကောင်းယောင် ဆောင်ပြီး အရာရာသင့်မသင့်၊ ရာမရာရာ ချင့်ချိန် တွေဝေနေ ရသည်ကို ကျွန်တော် ငြီးငွေ့ လှပြီ။ သဘောသကာယ ပြည့်ဝကြောင်း ရင်ကော့ပြရ၊ ဦးညွတ် ဒူးထောက်ပြရသည်ကို စိတ်ကုန်ပြီ။ စိတ်ထား ဖြူ စင်ကြောင်း ရေပေါ် အရုပ်ရေး ပြရသည်ကို ခါးသီးလှပြီ။ ထို့ကြောင့် တကယ ရူးနေသူ များ၏ စိတ်၏ လွတ်လပ်မှု၊ ကိုယ်၏ လွတ်လပ်မှုတို့ကို မိတ္တူကူးယူချင်မိ၏။ ပြောပါစေ။ ကျွန်တော့်ကို ဒီထက်ခံပြင်း ဆိုးရွားလွန်းသည့် စကားလုံးတို့နှင့် ပစ်ပေါက်လည်း ကျွန်တော် ကတော့ ခပ်ပြုံးပြုံး နေတတ် ပြီ။ ကျွန်တော် ကိုယ်တိုင်က ရူးချင်နေမှတော့ ကျန်ဘာကို မူနေစရာ လိုမည်နည်း။ “မင်း ရူးနေလား နေ လင်း၊ အရူး သုံးယောက်ကို ရေဒီယို တစ်ယောက်တစ်လုံး ၀ယ်ပေး ရလောက်အောင် မင်း ရူးနေတာလား” အရူးများကို ရေဒီယို ၀ယ်မပေးရဟု ဥပဒေ ထုတ်ထားသည်တော့ ရှိမည်မထင်။ အကြားအာရုံ ခံစားနိုင်သူတိုင်း ရေဒီယို နားထောင်နိုင်သည် ပဲ။ “မင်းဟာက ကျွဲပါး စောင်းတီး ပြတာနဲ့ အတူတူ ပဲ၊ မင်း ဘာစိတ်ကူးနဲ့ ဘာတွေ လျှောက်လုပ် နေတာလဲ။ နောက်ပြီး မနက်တိုင်း အဲဒီ အရူးသုံးယောက်နဲ့ လက်ဖက်ရည်ဆိုင် ထိုင်တယ် ဆိုတာက ရော ဘာအဓိပ္ပာယ်လဲ၊ မင်း ဘာကို အရွဲ့တိုက်နေတာလဲ မင်းကွာ” ကျွန်တော်ကတော့ ကျွဲကို စောင်းတီးပြရုံတင် မဟုတ်။ ဖြစ်နိုင်မည် ဆိုလျှင် DJ ပါ ပွတ်ပြချင်သေးသည်။ လောကမှာ မဖြစ်နိုင်ဘူး ဆိုတာ မရှိ၊ မဖြစ်သေးတာပဲ ရှိသည်ဟု ပညာရှိတို့ မိန့်ဆို ဖူးခဲ့သည်ပဲ။ ဟော ခုကြည့် ကျွန်တော့် အပေါင်းအဖော် အရူး သုံးယောက်က မနက် တိုင်း လက်ဖက်ရည်ဆိုင် ထိုင် ပြီး လက်ဖက်ရည် သောက် တတ်လာကြပြီ။ ခု လက်ရှိ လူကောင်း တွေနှင့်မခြား ကျွန်တော် ၀ယ်ပေးသော ရေဒီယိုလေး၏ ကျေးဇူးကြောင့် ကမ္ဘာ့အရေး၊ နိုင်ငံအရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် အရေးတွေကို ကပေါက်တိ၊ ကပေါက် ချာ ပါဝင်ဆွေးနွေးတတ်လာ ပြီ။ ဒါ ကျွဲက စောင်းသံကို သတိပြုမိလာခြင်းပဲ မဟုတ်လား။ “နင် နောက်ကျတယ်။ ငါတို့က လက်ဖက်ရည် တောင် သောက်ပြီးသွားပြီ” ဆိုင်ထဲ ၀င်ဝင်ချင်း ဆီးကြို နှုတ်ဆက်လိုက်သည့် ဆရာချို့ အသံကြောင့် ကျွန်တော် ၎င်းတို့စားသောက် ထားသည့် အခြေအနေကို တစ်ချက် အကဲ ခတ်လိုက်သည်။ အားပါး လက်ဖက် ရည်က တစ်ယောက်ကို ၂ ခွက်၊ နံထောကတစ်ယောက် ၁ ပွဲစီ။ ဒါအပြင် အင်္ဂလိပ်ကြီးက စီးကရက် ၁ ပွဲမှာပြီး တစ်လိပ်တောင်ခဲထားလိုက် သေးသည်။ မောင်လူအေးက တော့ လက်ဖက်ရည် ၂ ခွက် သောက်မထား၊ နံထော ၁ ပွဲတော့ စားထားသည်။ အင်း ဒီ ဆရာချို၊ အင်္ဂ လိပ်ကြီး၊ မောင်လူအေး ဆိုသည်တို့က ကျွန်တော့်လက် သစ် မိတ်ကောင်းဆွေကောင်း အရူးသုံးဖော်ပဲ ဖြစ်သည်။ သုံးယောက်လုံးက ကျွန်တော် စိတ်တိုင်းကျ ရွေး ချယ်ထားသည့် ယဉ်ယဉ် လေးနှင့် ရူးနေသူများပင် ဖြစ် ၏။ ဆရာချိုက သူ့ကိုယ်သူ ကမ္ဘာကျော်ဓာတ်ပုံပညာရှင် ကင်မရာမန်းဟု အထင်ရှိနေ သူ။ သူ့ဓာတ်ပုံပညာကို ယှဉ် နိုင်သူ၊ တုနိုင်သူ မရှိသေးဟု အမြဲတမ်း ကြွေးကြော်နေတတ် သူ။ သူ့လည်ပင်းမှာတော့ ဗီဒီယို တိတ်ခွေ အစုတ်တစ်ခု ကို ပီနံကြိုးဖြင့်ချည်ကာ အမြဲ ချိတ်ဆွဲထားတတ်၏။ သူ့ အမြင်မှာတော့ ထိုဗီဒီယို တိတ် ခွေသည် ဗီဒီယိုခွေမဟုတ်။ ဈေးအမြင့်ဆုံး နောက်ဆုံးပေါ် မော်ဒယ်လ် ကင်မရာ တစ်လုံးပင် ဖြစ်သည်။ ဆရာချိုသည် ရူးနေပေ မင့် အရူးက တစ်မူးသာသည် ဟု ပြောရမည်။ သူက မြန်မာ မူကို ဖော်ထုတ်ချင်ပါသတဲ့။ ရွှေတောင်မြို့သား စစ်စစ်မို့ ရွှေ တောင်မြို့ကို ကမ္ဘာသိအောင် ပြချင်ပြန်သတဲ့။ ထိုအချက် များကြောင့်ပင် ဆရာချိုအား ကျွန်တော် အပေါင်းအသင်း အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ် သည်။ နောက်တစ်ယောက်က အင်္ဂလိပ်ကြီးဟု အများက ခေါ်သော ဆံပင်ရှည်ရှည်တွန့် တွန့် ဖွာလန်ကြဲနှင့် နွေ၊ မိုး၊ ဆောင်း ဆယ့်နှစ်ရာသီမရွေး တစ်ထည်တည်းသော ဂျင်း ဘောင်းဘီနှင့် တီရှပ်အင်္ကျီကို အမြဲဝတ်ဆင်တတ်သူ။ သူ့ကိုတော့ မယားရူးဟု ပြောရ မည်လား မသိ။ မိန်းမသေ၍ ရူးသွားသည်ဟု သိရသည်။ မိန်းမမြင်လျှင် နည်းနည်းတော့ လက်ရဲဇက်ရဲနိုင် သည်။ နထ နှင့် ပတ်သက် လာလျှင် မမောနိုင်၊ မပန်းနိုင် အာပေါင်အာရင်းသန်သန်ဖြင့် ပြောတတ်၏။ အင်္ဂလိပ်ကြီး က ဘွဲ့ရ ပညာတတ်တစ် ယောက်တော့ ဖြစ်ခဲ့ဟန်ရှိ၏။ သူ စကားပြောလျှင် အင်္ဂလိပ် စကား မပါဘဲ မပြော။ ခေတ်အမြင်ရှိသည်ဟု ယူဆသောကြောင့် ထိုအင်္ဂ လိပ်ကြီးကိုလည်း ကျွန်တော့် အပေါင်းအသင်း အဖြစ် ကျေကျေနပ်နပ် ရွေးချယ်မိ ပြန်သည်။ နောက်ဆုံး တစ်ယောက် က မောင်လူအေးပင် ဖြစ် သည်။ မောင်လူအေးကိုတော့ အများခေါ်သည့်နာမည် အတိ အကျ မရှိ၊ အချို့က မောင်လူ အေးကို“ဘောက်...ဘောက်” ဟုခေါ်သည်။ မောင်လူအေး က အမြဲတမ်း သူ၏ အောက် နှုတ်ခမ်းကို အပေါ်နှုတ်ခမ်း ဖြင့် ဖိအုပ်၍ “ဘောက်... ဘောက်”ဟု မကြာခဏ ပြု လုပ်တတ်သည်။ ဒါကို အစွဲ ပြုပြီး ခေါ်ဟန်ရှိ၏။ အချို့က လည်း “ကျော်ကြီး”ဟု ခေါ် ကြပြန်သည်။ မောင်လူအေး က ကုန်းကမူအမြင့်တစ်ခုခု သို့မဟုတ် နည်းနည်းမြင့် သော သစ်ငုတ် စသည့်အနိမ့် အမြင့် မညီတာတွေ့လျှင် အမြင့်ပေါ်တက်၍ အနိမ့်ပိုင်း သို့ “တစ်၊ နှစ်၊ သုံး”နှုတ်မှ ရေတွက်ကာ ခုန်ခုန်ချတတ် သည်။ ထို့ကြောင့် “ကျော် ကြီး”ဟုလည်း ၀ိသေသ ပြု ကြပြန်၏။ နောက်နာမည် တစ်ခုကတော့“ကောင်းဘွိုင်” ဖြစ်သည်။ မောင်လူအေးက ကောင်းဘွိုင်ဦးထုပ် အမြဲဆောင်း ထားတတ်သည်လေ။ ကျွန်တော်ကတော့ပင် ကိုအေးသော မောင်လူအေး ကို သူနှင့် လိုက်ဖက်အောင် “မောင်လူအေး”ဟုပင် အမည် ပေးလိုက်သည်။ မောင်လူ အေးက တစ်နေ့လုံးနေလို့ စကားတစ်ခွန်း ဆိုခဲသည်။ သူ့ကိုကြည့်လိုက်လျှင် တစ် နေရာရာတွင် ကျောက်ချ ငုတ် တုတ်ထိုင်၊ ပါးစပ်က တ ဘောက်ဘောက်လုပ်၊ ညာ လက်က မေးစေ့ရှိ မုတ်ဆိတ် မွေးတိုနံ့နံ့ကို ပွတ်သပ်နေ မည်။ နောက်ပြီး ၁၅ မိနစ် ခြားတစ်ခါ ဒါမှမဟုတ် သူ သဘောတကျ ရှိလျှင် ပြုံးဖြီး ဖြီးဖြစ်လာပြီး ပညာရှိဟန် ခေါင်း တဆတ်ဆတ် လုပ် ချင်လုပ်မည်။ ဒါပဲဖြစ်၏။ ဒါ ကြောင့် မောင်လူအေးကိုတော့ ဘာအရူးဟု အခြားဝိသေသ တတ်ပြီး မပြောနိုင်ကြ၊ ရူး တော့ ရူးနေသည်ပဲပေါ့။ မောင်လူအေးကို အပေါင်းအသင်းအဖြစ် ရွေး ချယ်ရခြင်းမှာ ကျွန်တော့်စိတ် အထင် မောင်လူအေးသည် အတွေးအခေါ် ပညာရှင်ကြီး ဆော့ခရတ္တိ၏ ဟန်ပန်မျိုးဖြစ် နိုင်သည်ဟု ယူဆသော ကြောင့် ဖြစ်သည်။ ဆော့ ခရတ္တိသည်လည်း မောင်လူ အေးဟန်အတိုင်းသာ ရှိလိမ့် မည်ဟု ကျွန်တော် ယုံကြည် သည်။ အရှင်းဆုံးပြောရလျှင် ပညာရှိတို့၏ အမူအကျင့် လက္ခဏာရှိသောကြောင့် မောင်လူအေးကို ရွေးချယ်ခဲ့ ခြင်း ဖြစ်၏။ “ငါ ညက အယ်နီညိုနဲ့ တွေ့ခဲ့တယ်ကွ” ကျွန်တော့် မိတ်ဆွေများ ကဒါပဲဖြစ်သည်။ ကျွန်တော် ရောက်သည်နှင့် စကားဝိုင်း ကို ၎င်းတို့က စ၍ဦးတည်လာ ကြ၏။ တစ်ခုပဲ ရှိသည် မောင်လူအေးကတော့ အမြဲတမ်း ခေါင်းညိတ်၊ ခေါင်းခါ လောက်သာ ၀င်ရောက်ဆွေး နွေးတတ်သည်။ ယနေ့ထိ စကားတစ်ခွန်းမှ မဟသေး။ “အင်း လုပ်စမ်းပါဦး ဆရာချို၊ အယ်နီညိုနဲ့တွေ့ တော့” “အာ တွေ့တော့... ဘယ်ရမလဲ။ ငါ ကင်မရာနဲ့ ဓာတ်ပုံ ရိုက်ယူထားလိုက်တာ ပေါ့” ဆရာချိုက သူ့လည်ပင်းတွင် ချိတ်ဆွဲထားသော ကင်မရာ တစ်ဖြစ်လဲ ဗီဒီယို တိတ်ခွေအစုတ်ကို ချွတ်ယူပြီး ကျွန်တော့်အား ကမ်းပေးသည်။ “အဲဒီမှာ နင်ကြည့်လေ၊ တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေ တဲ့ကောင်၊ ငါ မှတ်တမ်းဓာတ်ပုံ ရိုက်လာခဲ့တာ” ဆရာချိုပြသော ကင် မရာအား ကျွန်တော်က စိတ် ၀င်တစားကြည့်ရှုဟန်ပြရင်း “ဟာ ဟုတ်လှချည် လား ဆရာချိုရာ၊ အယ်နီညို က နှုတ်ခမ်းမွေးကားကား ကြီးနဲ့ ခံ့ချောကြီး” “ဘာ နင် မဟုတ်တာ မပြောနဲ့၊ အယ်နီညိုက နှုတ်ခမ်းမွေး ပါရမှလား၊ နင်ရေဒီ ယို နားမထောင်ဘူးလား၊ အယ်နီညိုက မိန်းမမှ မိန်းမ စစ်စစ်ကွာ” ဆရာချိုစကားကြောင့် ကျွန်တော်တောင် မှင်တက် သွားပြီး ငုံထားသော လက် ဖက်ရည်များ မသီးအောင် အမြန်မျိုချပစ်လိုက်ရ၏။ “No...No U Say လက်မခံဘူး ဆရာချို၊ အယ် နီညိုဟာ ဘယ်လိုမှ Female မဖြစ်နိုင်ပါဘူး၊ U မိန်းမ အကြောင်း ဘယ်လောက်သိ လို့လဲ” ဆရာချိုအပြောကို အင်္ဂ လိပ်ကြီးက ၀င်ငြင်းသည်။ မိန်းမနှင့် ပတ်သက်လာ၍ ၀င်ပြောလာခြင်း ဖြစ်နိုင်၏။ “ဟေ့ကောင် သောက် ရူး၊ နင်မသိရင် ဘာမှ လာ မပြောနဲ့ အသာနေစမ်း” “ဘာကွ U ကများ I ကို အရူးတဲ့။ U ကမှ အရူး ကွ။ ဗီဒီယိုတိတ်ခွေစုတ်ကြီး ကင်မရာလုပ်နေတဲ့ အရူး” ဒေါသတကြီး မတ် တတ်ထရပ်ပြီး အော်လိုက် သည့် အင်္ဂလိပ်ကြီးအသံ ကြောင့် ကျွန်တော်တောင် လန့်သွားသည်။ “ကဲ အင်္ဂလိပ်ကြီး ပြန် ထိုင်စမ်း၊ မင်းတို့ ဘယ်သူမှ မရူးပါဘူးကွာ၊ အလကား ပြန်ထိုင်စမ်း” ကျွန်တော့် စကားကြားတော့ နှစ်ယောက်စလုံးက ငြိမ်သွားကြသည်။ ငြိမ်ရမည် ပေါ့။ ကျွန်တော်က သူတို့ကို လက်ဖက်ရည် အမြဲ တိုက်နေသည်ကိုတော့ ဒင်းတို့က သိ နေကြသည်။ ရူးပေမဲ့ ဒီအရူး တွေက ပါးလိုက်သည်မှ ရွှေတောင်စက္ကူ အရှုံးပေးရ လောက်သည်။ “အင်း ကိုယ့်အတတ်နဲ့ ကိုယ်တော့ ပြန်စူးနေပြီဟေ့၊ အလုပ်မရှိ အလုပ်ရှာ၊ ကြောင် မ ရေချိုးဆိုတာ ဒါကို ပြောတာကွ” နောက်ဘက်ဝိုင်းမှ မကြားတကြား သြဘာပေး သံတွေတော့ ရှိလာကြပြီ။ ဒီလိုပါပဲ မနက်တိုင်း ကျွန်တော်တို့ ၀ိုင်းကို စိတ်ဝင် တစား လာလာအကဲခတ် ကြည့်ရှုကြသည့် သူတွေ ခုဆို အတော်လေးတောင် များနေ ပြီ။ လက်ဖက်ရည်ဆိုင်လေး က အရင်ထက် ပိုစည်ကား သည်ကတော့ အမှန်။ ဒါတောင် လက်ဖက်ရည် ဆိုင်ပိုင်ရှင်အား ကျွန်တော့် စိတ်ကူးကို ပြောပြပြီး ထိုင်ဖို့ ခွင့် တောင်းတုန်းက ဆိုင်ရှင်သည် အလို မကျဟန် ဖြင့် အင်တင်တင် ရှိနေခဲ့သေးသည်။ “အရူးတွေ ဆိုင်ခေါ်လာ တာက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အရူးဆိုတာ တိရစ္ဆာန်တစ် ကောင်နဲ့ ဘာမှ မခြားလှဘူး။ ခု ကောင်းနေ၊ ငြိမ်နေပေမဲ့ နောက် မုန်ယိုတဲ့ ဆင်တစ် ကောင်လို၊ အစာငမ်းတဲ့ ကျား တစ်ကောင်လို ထသောင်း ကျန်းချင် သောင်းကျန်းတတ် တာ။ ဒီလိုတွေ ဖြစ်လာရင် တော့ မောင်ရင်ပဲ တာဝန်ယူ မယ်လို့ အာမခံရင် ခွင့်ပြုပါ တယ်၊ ထိုင်ပါ”တဲ့။ ခုတော့ နေ့စဉ်ပြပွဲတစ် ခုလို ဖြစ်နေပြီး တစ်ရက် ထက်တစ်ရက် ပိုပိုစည်ကား လာခြင်းကြောင့် ဆိုင်ရှင်၏ ဟန်ပန်က သူ ပြောခဲ့သည့် စကားတို့အား မေ့လို့၊ ပျော် ပျော်ပြုံးပြုံး၊ ပြုံးပြုံးပျော်ပျော် ဖြစ်နေလေပြီ။ ခုနောက်ပိုင်း ကျွန်တော့် ကို ကြည့်သည့် လူအများ၏ အကြည့်များသည်လည်း အရူးတစ်ယောက်ကို ကြည့် သည့်အကြည့်မျိုး၊ အမြင်မျိုး ဖြစ်ဖြစ်လာကြသည်။ “ဟလို အရူးဥက္ကဋ္ဌကြီး ဘယ်လိုလဲဗျ၊ အရူးတွေ ထိန်းကျောင်းရတာ အဆင်ပြေရဲ့ မဟုတ်လား” ဟိုအရင်တုန်းက နှစ် ကိုယ်တစ်စိတ် ရင်းနှီးခဲ၊ ခင်မင်ခဲသူတို့၏ နှုတ်ခွန်း ဆက်ခြင်း စကားများ။ “ဟေ့ နေလင်း...စိတ် ရောဂါကု ဆေးရုံဖွင့် မလို့ဆို၊ ခု စိတ်ရောဂါအကြောင်း လေ့ လာနေတယ်ဆိုလားလို့... ဟုတ်လား” ဒါက သူငယ်ချင်းမ အချို့၏ ပြုံးတုံ့တုံ့ မျက်နှာ ပေးဖြင့် နောက်ပြောင်သည့် စကား။ ကျွန်တော်ကတော့ ဘယ်သူတွေ ဘယ်ဝါကျ၊ ဘယ်အဓိပ္ပာယ်ဖြင့်ပင် ပြော ပြော၊ ယခင်လို ခပ်ပြုံးပြုံး မတုန်မလှုပ် အမူအရာဖြင့်ပင် ဖြစ်၏။ ကြာတော့ လေ စောင်းဘယ်လောက်ထက် ထက် သူတို့တိုက်နေသည်မှာ ရေစောင်း မဟုတ်ဘဲ ကျောက် စောင်းမှန်း သိသွားကြသည်။ ပြောရသည်မှာ မောသွား၍ ခဏ အနား ယူနေခြင်းလည်း ဖြစ်နိုင်သည်။ အသံတွေ သိပ်မကြားရတော့ပေ။ နောက်တစ်ကြိမ် ပြန် ပြန်ကြားရလျှင်တော့ ကျွန် တော် ဘာစကားပဲ ကြားရ ကြားရ တစ်ခုခုတုံ့ပြန်နိုင်ဖို့ ကျွန်တော် စဉ်းစားထားမိ သည်။ အခြားတော့ မဟုတ်။ သူတို့ကို ခပ်ပြုံးပြုံးကြည့်ရင်း မောင်လူအေး စတိုင်လ်ဖြင့် “ဘောက်...ဘောက်”ဟု အသံထွက်ပြလိုက်မည်။ ကဲ ဒင်းတို့ ဘယ်လိုများ ခံစား ကြရမည်နည်း သိချင်စမ်းပါ ဘိ။ “သား မင်း ဘာတွေ လျှောက်လုပ် နေတာလဲ၊ အမေ မင်းစိတ်ကို နားမလည်တော့ ဘူး သားရယ်၊ ပြီးတော့ တစ် ခုခုဖြစ်လာမှာကိုလည်း ကြောက်လာမိတယ်” အမေ ပြောလာသည့် စကားနှင့် အမေ့ ဟန်ပန်ကြောင့် သည်တစ်ခါတော့ ကျွန်တော် နည်းနည်း တုန်လှုပ်သွားသည်။ ကိုယ်လေးစား တန်ဖိုးထားရ သည့် မွေးမိခင် မဟုတ်ပါ လား။ “အမေက ကျွန်တော့်ကို စိတ်မနှံ့တော့ဘူးလို့ ထင်လာ တာမျိုးလား အမေ” “အမေ မထင်ရက်ပါဘူး သားရယ်၊ ဒါပေမဲ့ အဲဒီလို ဖြစ်လာတော့မှာလား၊ ဖြစ်လာမလားဆိုပြီး တွေး ကြောက်နေမိတယ်” ကျွန်တော် အမေ့ ၀ဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးကို ပွေ့ဖက် ပစ်လိုက်သည်။ “ကျွန်တော် ဘာမှ မဖြစ်ပါဘူး အမေရယ်၊ မစိုးရိမ်ပါနဲ့၊ ကျွန်တော် စိတ်ပညာရပ် တစ်ခုကို လေ့လာ နေတယ်လို့ ပဲ အမေ သဘောထားနော် အမေ” အမေက ကျွန်တော့်ဆို အမြဲတမ်း ယုံကြည်သည်။ အမေ ယုံကြည်မှုရအောင် လည်း ကျွန်တော်က အမြဲနေ ပြခဲ့သည်။ အမေ ခုလိုပြော လာသည်က အကြောင်းရှိ သည်။ ကျွန်တော့်မိတ်ဆွေ ကောင်းဖြစ်သည့် အင်္ဂလိပ် ကြီးတစ်ယောက် ကျွန်တော့် အိမ်ကို ပေါက်ချလာသည်။ ပထမတော့ အတင့်ရဲလာ သည့် အင်္ဂလိပ်ကြီးကို နည်း နည်းတော့ တင်းသွားမိသည်။ နောက်သတိထားမိ လိုက်သည်က အင်္ဂလိပ်ကြီး သည် စိတ်သွားတိုင်း ကိုယ် ပါသည့် အရူး မဟုတ်လား။ သူ့မှာ ဘာဟန်ဆောင်မှုမှ မရှိ ဟု ယူဆ၍ ကျွန်တော် ပေါင်း သင်းခဲ့သည့် အရူးပေပဲ။ သူ့ စိတ်ထဲ ပေါ်လာရင် ကျွန်တော့် အိမ်မှမဟုတ် နိုင်ငံတော်သမ္မတ အိမ်ပင်ဖြစ်ပါစေ ၀င်၊ ထွက် ခွင့်ရှိက ၀င်မည်၊ ထွက်မည် ပင်။ ထို့ကြောင့် ကျွန်တော် အင်္ဂလိပ်ကြီးကို ပျာပျာသလဲလဲ ဆီးကြို၍ အိမ်ထဲ ခေါ်လာလိုက်သည်။ အမေက ကျွန်တော်နှင့် အင်္ဂလိပ်ကြီး၏ အခြေအနေကို အသာအကဲ ခတ်နေသည်။ အင်္ဂလိပ်ကြီးက ဧည့်ခန်း တစ်ခုလုံးကို နေရာ အနှံ့ အသေးစိတ် လိုက်ကြည့်သည်။ သူ စိတ်ဝင်စားသည့် ပစ္စည်း တစ်ခုခုတွေ့လျှင် ကောက်ယူကြည့်သည်။ ပြီး နေရာတကျ ပြန်ထားသည်။ သူ စိတ်အ၀င်စားဆုံးသော အရာမှာ ဧည့်ခန်းနံရံတွင် ချိတ်ဆွဲထားသည့် ပန်းချီကားများ ဖြစ်၏။ ပန်းချီကားများက ဗန် ဂိုး၏ နာမည်ကြီး ပန်းချီကားများ ဖြစ်သည်။ ပန်းချီဆရာ ကိုအောင်ကိုမှ တစ်ဆင့် ကျွန်တော် ရယူထားခြင်း ဖြစ် ၏။ အမှန်တော့ ပန်းချီကား စစ်စစ်များမဟုတ်၊ ကွန်ပျူတာ ပညာဖြင့် ပြန်လည်ကူး ယူထားသည့် ပုံတူ၊ ပုံပွား ပန်းချီဓာတ်ပုံများသာ ဖြစ် သည်။ “ဘယ်လိုလဲ အင်္ဂလိပ် ကြီးရဲ့ ကြည့်လှချည်လား၊ အဲဒီ ပန်းချီဆရာကိုကော သိလို့လား” ကျွန်တော်၏ ခပ်ပြုံးပြုံး အမူအရာဖြင့် မေးသော စကားကိုကြားတော့ အင်္ဂလိပ် ကြီးက ရှုတည်တည် မျက်နှာ ဖြင့် ကျွန်တော့်ကို ပြန်စိုက် ကြည့်သည်။ နောက်ပန်းချီ ကားများဘက် ပြန်လှည့်သွား ပြီး သေချာ ထပ်ကြည့်ပြန် သည်။ “ U က I ကို အထင် သေးတာပဲ။ ဒါ နာမည်ကြီး ပန်းချီဆရာ ဗန်းဆင့်ဗန်ဂိုးရဲ့ ဆိုက်ပရက်ပင်တွေနဲ့ လမ်းဆိုတဲ့ ပန်းချီကား မဟုတ်လား” ကျွန်တော် ပါးစပ် အဟောင်းသားပွင့်သွားမိ သည်။ အင်္ဂလိပ်ကြီး သိနိုင် လိမ့်မည်ဟု လုံးဝကို ထင် မှတ်မထား။ ဒါထက် သူရူး တစ်ယောက်က ပို၍ပင် သိ မည်မဟုတ်ဟု ထင်မိခဲ့ သည်။ ကျွန်တော် အင်္ဂလိပ်ကြီး ကို မယုံနိုင်စွာ၊ ထိတ်လန့် အံ့သြစွာဖြင့် ငေးကြည့်နေမိ တော့ အင်္ဂလိပ်ကြီးက တည် ငြိမ်သောမျက်ဝန်းများဖြင့် ကျွန်တော့်ကို ပြုံးစစပြန်ကြည့် နေတာ တွေ့ရလေ၏။ အင်း အင်္ဂလိပ်ကြီး၏ မျက်ဝန်း အဓိပ္ပာယ်များကို ကျွန်တော် ဘာသာပြန်တတ် အောင် ကြိုးစားရဦးမည်။ “ဘာ ဆရာချို...ဘာ ပြောတယ်” “ဟုတ်တယ်၊ အင်္ဂလိပ် ကြီးကို နောက် လက်ဖက် ရည် ခေါ်မတိုက်နဲ့။ ဒီကောင် က သူများမိန်းမ ကြာခိုတဲ့ ကြာကူလီကောင်ပဲ” “တော်တော့ ဆရာချို တော်တော့၊ အင်္ဂလိပ်ကြီး အကြောင်းကို ခင်ဗျား အင်္ဂ လိပ်ကြီး နောက်ကွယ်မှာ ပြော စရာ မလိုဘူး၊ ကျွန်တော် မကြိုက်ဘူးဗျာ” ဆရာချို ငြိမ်သွား သည်။ ကျွန်တော် တစ်စုံတစ် ရာကို သေသေချာချာ စဉ်း စားဖို့ လိုပြီဟု ထင်၏။ ဆရာ ချိုသည် အရူးတစ်ယောက် ဖြစ်၏။ အင်္ဂလိပ်ကြီးကို မကျေနပ်လျှင် အင်္ဂလိပ်ကြီး ရှေ့မှာပင် ပြောင်ပြောင်တင်း တင်း ချဲလင်း ခေါ်ရဲသည့် သတ္တိ ဆရာချိုတွင် ရှိကိုရှိရ မည်။ အရူး တစ်ယောက်မှန်လျှင် လက်သီးပုန်းမထိုး တတ်ဟု ယူဆထားသည့် ကျွန်တော့်နိယာမတွေ မှားများ နေပြီလား။ ဒီဒဿနကို သက်သေပြဖို့ ကျွန်တော် လျှောက်လှမ်းနေသည့်လမ်း တို့ မှားများ မှားနေကြပြီလား။ ခု ဆရာချို လုပ်ပုံက လူကောင်းတစ်ယောက်နှင့် မခြား၊ ကောက်ကျစ်ယုတ်မာ လွန်းသည်။ နောက်ကျောကို ဓားဖြင့် ထိုးခြင်းဖြစ်၏။ ဒါဆိုလျှင် ကျွန်တော့် စိတ်ကူး၊ ကျွန်တော့် ဒဿန၊ ကျွန်တော့်သီအိုရီတွေ မြောင်း ထဲ ရောက်ကုန်သည်နှင့် ဘာ များခြားနားမည်နည်း။ ထိုနေ့က ဆရာချိုကို ကျွန်တော် မောင်းထုတ်ပစ် လိုက်မိသည်။ မောင်လူအေး ကို ကြည့်လိုက်တော့ မောင် လူအေးက ထူးထူးခြားခြား ကျွန်တော့်ကို စိုက်ကြည့်နေ လေသည်။ တစ်စုံတစ်ခုကို တွေးနေဟန်လည်း ပေါ်၏။ “မောင်လူအေး မင်း ဘယ်လိုမြင်လဲ။ ဆရာချိုနဲ့ အင်္ဂလိပ်ကြီးကို” ကျွန်တော်မေးမှ မောင် လူအေးက နှုတ်ခမ်းတို့ လှုပ် ရှားလာပြီး “ဘောက်... ဘောက်”ဟု အသံပြုသည်။ နောက်မေးစေ့ကို လက်ဖြင့် ပွတ်သပ်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်သည်။ မောင်လူအေးဆီက တစ်စုံ တစ်ရာ ကြားရတော့မည့် အထင်ဖြင့် ကျွန်တော် ငံ့လင့် နေမိသည်။ သို့ပေမဲ့ မောင် လူအေးက ခေါင်းကို ဘယ်၊ ညာ ယမ်းခါပြီး ထထွက် သွားသည်။ ထိုထက် ဆိုးဝါးသည့် က ဆရာချို မရှိသည့်နောက် ပိုင်း အင်္ဂလိပ်ကြီးကလည်း ဆရာချိုနည်းတူ လက်သီး ပုန်းဖြင့် တိုက်ခိုက်ပြန်သည်။ ကျွန်တော့်ဒေါသတွေ ဆူဝေ သွား၏။ တစ်လောကလုံးနှင့် ဆန့်ကျင်၍ တည်ဆောက် ထားသည့် ကျွန်တော့်အိပ် မက်၊ ကျွန်တော့်အတွေးအခေါ် အယူအဆတွေ အားလုံးသဲထဲ ရေသွန် ဖြစ်ကုန်သည်။ အင်္ဂလိပ်ကြီးကိုလည်း ဆွဲ မထိုးမိရုံတမယ် မောင်းထုတ် မိပြန်သည်။ စိတ်ပျက်အားလျော့စွာ ဖြင့် နောက်ရက်များ၌ ကျွန်တော် အိမ်ထဲက အိမ်ပြင် မထွက်တော့။ အဖြူထည်ဟု သတ်မှတ်ထားသည့် အရူး တွေ၌ပင် အရောင်အစွန်း အထင်းက ရှိနေတတ်သည် လား။ ကျွန်တော့်သီအိုရီတွေ မှားလိမ့်မည်ဟု ဒီအခြေအနေ ရောက်သည့်တိုင် လက်မခံ ချင်သေး။ တစ်စုံတစ်ခုသော အဖြေကိုတော့ ကျွန်တော် အတိအကျ ရရန် ဖော်ထုတ် ချင်ပါသေးသည်။ အဖြေ သည် တစ်နေရာမဟုတ် တစ် နေရာတွင်တော့ ရှိကို ရှိနေလိမ့် မည်ဟု ယုံကြည်မိ၏။ စိတ်နည်းနည်း ပြန်လည် ကြည်လင်လာသော တစ်နေ့မှာတော့ ကျွန်တော် ခြံ ထဲဆင်းလာလိုက်သည်။ ခြံ ထောင့်ရှိ စံပယ်ရုံ သုံးရုံအား ရေလောင်းချင်စိတ်ပေါ်လာ ပြန်သဖြင့် ဘာလီပုံးဖြင့် ရေ ဆွဲကာ ရေလောင်းလိုက်၏။ အိမ်ပေါက်ဝတွင်တော့ အမေက ရင်ဘတ်ဖိ၍ မျက် လုံးအပြူးသားဖြင့် ကျွန်တော့် ကို ထိတ်လန့်တကြားငေး ကြည့်နေလေသည်။ အမေ ဘာကိုများ ထိတ်လန့်သွားပါ လိမ့်။ ကျွန်တော် ပတ်ဝန်း ကျင်ကို ဟိုဟိုဒီဒီ လှည့် ကြည့်အကဲခတ်လိုက်တော့ မောင်လူအေးကို တွေ့ရ သည်။ မောင်လူအေးက ကျွန်တော့်ကို ကျေကျေနပ်နပ် ၀မ်းသာအားရဖြင့် ပြုံးပြုံးကြီး စိုက်ကြည့်နေလေ၏။ ဘာကို ကျေနပ်နေပါသနည်း။ အမေ သည်လည်း ဘာကိုထိတ် လန့်နေပါသနည်း။ ကျွန် တော် ဘာတစ်ခုမှ မစဉ်းစား တတ်။ ထိုစဉ် ဘယ်တုန်း ကမှ စကားဟဟ မပြောဖူး သော မောင်လူအေးက ကျွန်တော့်ကို “မင်း သောက် ရူးပဲ”ဟု အသံဝါကြီးဖြင့် လှမ်းအော် ပြောလိုက်သည်။ အဲဒီ တဒင်္ဂ အချိန် ခဏ လေးအတွင်းမှာပဲ ကျွန်တော် အရာ အားလုံးကို နားလည် သွားသည်။ ကျွန်တော် လိုချင်သည့် အဖြေကို အရှင်းဆုံး တွေ့မြင်လိုက်ရသည်။ ၀မ်းသာ ရွှင်မြူးစိတ် ဖြင့် ကျွန်တော် လက်သီး လက်မောင်းတန်း၍ အိမ်ပေါ် ပြေးတက်လာလိုက်၏။ အပြင်မှာတော့ နံနက်က တည်းက သည်းကြီးမည်း ကြီး ရွာနေသည့်မိုးက ခုထိ မတိတ်သေး။ ကမ္ဘာကြီး ပို၍ တိမ်း စောင်းလာသည့်နှင့်အမျှ ရာသီဥတုတွေက တဖြည်း ဖြည်း ပိုမိုဆိုးရွားစွာ ဖောက် ပြန်နေကြသည်ပဲ မဟုတ် လား။
မှူးဆက်ပိုင်၊ရွှေတောင်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)
|
No comments:
Post a Comment