Sunday, January 20, 2013

“နှစ်သစ် အဖွင့်”

မနက်ဖြန်ရောက်မယ့်
နှစ်သစ်အဖွင့်မှာ
စစ်ချီတေး... စစ်သည်တေး မလိုဘူး .....
ယမ်းငွေ့ တလူလူခြား ငိုကြွေးမယ့်
ရှိုက်သံတွေ ... မလိုဘူး .....
မြန်မာပြည်မြောက်ပိုင်းက
ဆောင်း အချမ်းဟာ
ငါတို့ မြေပြန့်သားတွေကို
... ချောင်းဆိုး ရင်ကျပ်စေတာ အမှန်ပဲ
ရင်ဘက်ချင်း
Network ချိတ်ထားသလို .....
အသွေးအသားချင်း
ဝက်သိုးချုပ် ချုပ်ထားသလို .....
ငါတို့ ရင်ထဲက မနက်ဖြန်တွေ ခိုးဝှတ်မသွားဖို့ ...........။

မနက်ဖြန်ရောက်မယ့်
နှစ်သစ်အဖွင့်မှာ
ဘယ်အချိန် ဘာလာမယ်ဆိုတဲ့
ပရိုဂရမ်တွေ မလိုဘူး ......
အလိုမတူဘဲ
လွင့်ကြွေရမယ့် ပန်းကလေးတွေ မလိုဘူး .....
တိုင်းတစ်ပါးမြေပေါ် ကျတဲ့ မျက်ရည်စက်ဟာ
ငါတို့ နှလုံးသွေးစက်တွေ ဆိုလည်း အမှန်ပဲ
တစ်ယောက်ခေါင်း တစ်ယောက်နင်းပြီး
မွေးဖွားကြီးပြင်းလာ သလို .....
မျက်ဝန်းတွေကတစ်ဆင့် တစ်ယောက်ရင်တွင်း
တစ်ယောက် လှမ်းမြင်နေရ သလို......

ဒီမှာ
မနက်ဖြန်ရောက်မယ့်
နှစ်သစ်အဖွင့်မှာ
ငါတို့ ရင်ထဲက မနက်ဖြန်တွေ ခိုးဝှတ်မခံရဖို့ .....
မနက်ဖြန်တွေကို အတောက်တပ်ထား လိုက်တော့မယ်..။ ။
PM 07:06
31.12.2012 (နှစ်ကူးည)
မှူးဆက်ပိုင် (ရွှေတောင်)
"ဒို့ အမျိုးဇာနည် .... ပီပါပေသည်"

မနက် (၄)နာရီလောက်တွင် အဘဖိုးစိန် မီးလှုံ့နေသည့်အသံကြားရ၍ အိပ်မပျော်သည့်အတူတူ နွေးသွားအောင် မီးလှုံ့မည်ဟု ကြံကျောင်းစိတ်ကူးလိုက်သည်။ ၀ါးကပ်ကြားက တိုးထွက်လာသော ဆောင်းလေအေးနှင့် ဆောင်းအချမ်းကို ကြံကျောင်း ကိုယ်ပေါ် လွှမ်းခြုံထားသော လွှာချင်းစောင်ပါးပါးလေးက ဘယ်လိုမှ အနွေးဓါတ်ရ အောင် ကာကွယ်မပေးနိုင်။ ဒါကြောင့် သူ ဆောင်းတွင်းကို မြန်မြန်ကုန်စေချင်လှပြီ။
“လူလေး .... အိပ်ဦးေ...လ .... အစောကြီး ရှိသေးတယ် ”
ထပ်အင်္ကျီလက်ရှည်၊ ဘောင်းဘီ ဖင်ပြတ်နှင့် အိပ်ချင်စုန်မွှား ထလာသော ကြံကျောင်းကို အဘဖိုးစိန်က ဆီးပြောသည်။
“ချမ်းတယ် ... အဘရ .... အိပ်လို့ ... မရတော့ဘူး”
မေးရိုက်သံနှင့် ပြောလာသော မြေးဖြစ်သူကို အဘဖိုးစိန် ဂရုဏာ သက်စွာဖြင့် စိတ်မကောင်းဖြစ်သွားမိ သည်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ကြွေလွင့်သွားရသော ကြံကျောင်း အမေ၊ သူ့သမီး အေးမြကိုလည်း သတိရမိ၏။
ကြံကျောင်း မီးဖိုနား အသာတိုးကပ်၍ အေးစက်နေသော လက်ဖ၀ါးကလေးနှစ်ဖက်ကို မီးညွန့်နားကပ် ကာ အပူပေးလိုက်၏။ အပူငွေ့လေးများကြောင့် လူတစ်ကိုယ်လုံး ယခုမှပင် နေသာ၊ ထိုင်သာရှိသွားတော့သည်။
မီးအရှိန်သေပြန်တော့ အဘဖိုးစိန်က မကျီးမြစ်တုံး တစ်တုံးထပ်ယူလာကာ မီးဆိုင်ပြန်သည်။ မနေ့ ညနေက သူ လှဲကျင်းထားသော သစ်ရွက် အမှိုက်မျိုးစုံက တစ်ညလုံးကျထားသည့် ဆောင်းနှင်းစက်တွေကြောင့် ရွှဲရွှဲစိုနေပြီး မီးမစွဲချင်တော့။
အဘဖိုးစိန်ကို ကူပြီး ကြံကျောင်း မီးစွဲအောင် ဖင်ဘူးထောင်းထောင်၍ ကုန်းမှုတ်ရသည်။ ယခင်မီးစွဲလက်စ သစ်တုံးရှိသည့်အတွက် မီးက ရဲကနဲ... ရဲကနဲ ဖြစ်သွားသော်လည်း ခြောက်သွေ့သည့်လောင်စာ အကူမရှိ၍ မီးတောက် ဘ၀သို့ အလွယ်တကူ ပြောင်းမသွားသေးပေ။
အဘဖိုးစိန်က အိမ်တံစက်မြိတ်အောက်တွင် စုပုံထားသည့် ၀ါးတို၊ ၀ါးစ ကလေးများကို လိုက်ကောက်ပြီး မီးဖိုနား ပြန်လာသည်။
“ဟား..ဟား... ငါ့မြေး ... ဒါကြီးက ... ဘာကြီးပါလိမ့်..”
“ဟာဗျာ.... အဘ ကလည်း”
ကြံကျောင်း မီးကုန်းမှုတ်နေရာက အရှိုန်ပျက်သွားသည်။ အဘဖိုးစိန်က ကြံကျောင်း၏ ပေါင်ခွကြားကို လက်ဖြင့် အသာစမ်းလိုက်သောကြောင့် ဖြစ်၏။
“ဟား..ဟား.. လူလေး ဘောင်းဘီခွက ပြဲပြန်ပြီလား... မျောက်ရှံးအောင် ဆော့တဲ့ကောင်... တကဲတည်း”
ကြံကျောင်း အဘဖိုးစိန်ကို ရှုတည်တည် ပြန်ကြည့်ရင်း....
“ဘာမှန်းလည်း မသိဘူး အဘရာ.... လက်အေးကြီးနဲ့ “
ကြံကျောင်းစကားကြားတော့ အဘဖိုးစိန်က အူလှိုက်၊ သည်းလှိုက် ရယ်ပြန်သည်။
“မနက်မိုးလင်းရင်... အဘကို ခဏချွတ်ပေး... ပြန်ချုပ်ပေးမယ်... မင်း မရှက်ဘူးလား ... လူလေးရာ”
ကြံကျောင်း အဘဖိုးစိန်ကို ဘာမှ ပြန်ပြောမနေတော့ မီးစတောက်လာပြီဖြစ်တဲ့ မီးပုံကို ကျောပေးလို့ မီးလှုံ့နေလိုက်သည်။
×××××××××××××××××××××××××××××××××××

လမ်းဘေးတစ်ဖက်တစ်ချက်တွင် အလံများကို ၀ါးတိုင်ထောင်၍ လွင့်ထားသည်။ လူကြီး၊ လူရွယ်၊ လူငယ် ပေါင်းစုံဖြင့် တစ်လမ်းလုံး စည်စည်ကားကားရှိနေကြသည်ကတော့ အမှန်။ လမ်းထိပ်တွင် မြေဖြူဖြင့် စာရေးထား သည့် ဘလက်ဘုတ်အား ကုလားထိုင်တစ်လုံးကို နောက်မှီပြု၍ ခပ်ယိုင်ယိုင် ထောင်ထားသည်။ ရေးထားသည့် စာ များကို စာလုံးပေါင်းဖတ်ရမည် ဖြစ်သည့်အတွက် ခုအချိန် ကြံကျောင်း မဖတ်အားလိုက်။ ထို့ကြောင့် ဘာတွေ ရေးထားသည်ဆိုတာကိုလည်း မသိပေ။
လူအုပ်ကြားထဲ ယောင်ပေပေရပ်နေကြသည့် သူတို့ ကလေးအုပ်စု ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိသေး၊ ဆည်မြောင်းမှာ ငါးစမ်းနေတုန်း ဘီယာဗူး လာခေါ်လို့သာ သူတို့ အဖွဲ့တွေ ကသုတ်ကရိုက် ပါလာကြခြင်း ဖြစ်သည်။ ပေကျံနေသည့် ရွှံ့များကိုတောင် ပြောင်စင်အောင် မဆေးကြောခဲ့ရ၊ ဒီကိုရောက်တော့ ဘာမှန်းမသိ စည်ကားနေ သည်ကိုတော့ ကြံကျောင်း တွေ့နေရသည်။
“ခုတစ်ခါ... ယှဉ်ပြိုင်မယ့်... ပွဲကတော့ ခြေသုံးချောင်းထောက် ပန်းဝင် အပြေးပြိုင်ပွဲ ဖြစ်ပါတယ်.... ဟုတ်ကဲ့ခင်ဗျာ.... ဒီပြိုင်ပွဲကို ပါဝင်လိုကြတဲ့ ကလေးများ ကျွန်တော်တို့ရဲ့ ဟောဒီ ပြန်ကြားရေး စားပွဲခုံမှာ ကြိုတင်လာရောက် စာရင်းပေးနိုင်ပါတယ်..”
အသံချဲ့စက်က အသံကြားတော့ ဘီယာဗူးနှင့်၊ ဂျိုကာက ကြံကျောင်းလက် အတင်းဆွဲပြီး စာရင်းပေးရမည့် နေရာကို ပြေးသည်။ ဘုမသိ၊ ဘမသိဖြင့် ကြံကျောင်းကတော့ ခုအချိန်ထိ ဘာလုပ်ရမှန်းကို မသိသေး။
“ဦး... ကျွန်တော်တို့ .... ပြိုင်ချင်လို့... ပြိုင်လို့ ရမလား”
မိုက်ကလိုဖုန်း ကိုင်ထားသည့် မျက်မှန်နှင့် ဦးလေးကြီးက ကြံကျောင်းတို့ ကလေးအုပ်စုကို သေချာစိုက် ကြည့်လာသည်။
“မင်းတို့က... ဘယ်ကလဲ”
“ကန့်လန့်ကုန်း ...က”
ဘီယာဗူးက သွက်သွက်လက်လက်နှင့် ပြန်ဖြေသည်။ မျက်မှန်နှင့် ဦးလေးကြီး တစ်ချက်တော့ တွေကာ စဉ်းစားနေသေးသည်။ နောက် အနီးမှ ဖြတ်သွားသော အသက်ခပ်ကြီးကြီး ဘဘ တစ်ယောက်ကို တွေ့မှ ......
“ဥက္ကဌ... ဥက္ကဌ ဒီမှာ ... ကန့်လန့်ကုန်းက ကလေးတွေ ပြိုင်ပွဲ ၀င်ပြိုင်ချင်လို့တဲ့... ဒီလမ်းထဲက ကလေးတွေကိုပဲ ၀င်ပြိုင်ခိုင်းရမှာလား.... သူတို့ကိုပါ ၀င်ပြိုင်ခွင့်ပေးရမလား”
ဥက္ကဌဆိုသည့် အဘကြီးကလည်း မျက်မှန်တစ်ချက်ပင့်တင်ပြီး သူတို့ ကလေးအုပ်စုကို သေချာ ကြည့်ပြန် သည်။ ကြံကျောင်း သူ့ တံတောင်ဆစ်တွင် ကျန်ရှိနေသေးသော ရွှံ့များကို ထိုလူကြီးတွေ့သွားမှာ စိုးသည့်အတွက် လက်ကို ကျောနောက်သို့ ဖွတ်ထားလိုက်မိ၏။
သူ့ နဖူးမှာ ရွှံ့ကွက်ကြီး ရှိနေသည်ကိုတော့ ကြံကျောင်းမသိ။
“ပြိုင်ခိုင်းလိုက်ပါကွာ... ငါ့တို့ ရပ်ကွက်က .. ငါ့တို့ လမ်းက ကြီးမှူးကျင်းပတယ် ဆိုပေမယ့် ဘယ်ရပ်ကွက် .. ဘယ်လမ်းက ဖြစ်ဖြစ် ... ပြိုင်ချင်တဲ့ ကလေးရှိရင် ... ၀င်သာပြိုင်ခိုင်း စည်ကားသိုက်မြိုက်ဖို့က....အဓိက
“ကဲ ... ကဲ ... ကလေးတွေ နာမည်ပြော”
“ကျွန်တော်က ဘီယာဗူး... သူက ချက်စူ...သူက ကြံကျောင်း....”
“ဟေ့ကောင် ... ဒီအဖွဲ့မှာ မင်းက ဆရာကြီးလား... မင်းနာမည်ပဲ မင်းပြော.... ကျန်တဲ့ကောင်တွေ ကိုယ် နာမည် ကိုယ်ပြော”
ဦးလေးကြီး ဟောက်လိုက်လို့ ဘီယာဗူး အသံတိတ်သွားရ၏။ သူ့ကို ဟောက်သည့်အတွက် ကျေနပ်ပုံတော့ မပေါ်။
“ကျွန်တော့်နာမည်... ကြံကျောင်းပါ”
“နာမည်ရင်းပြောကွ....”
ကြံကျောင်းခေါင်းကုတ်မိသည်။ သူ့နာမည်ရင်းကို သူ ရုတ်တရက်မမှတ်မိ။ အမေပေးခဲ့သော နာမည် (နာမည်ရင်း) က ထွန်းမြတ်ထွဋ်လား၊ ထွဋ်မြတ်ထွဋ်လား .... ဟော သူ ခဏ စဉ်းစားပြီးမှ သတိရသည်။
“အော်... ဟိုဟာ... မောင်ထွဋ်မြတ်ထွဋ်”
“နောက်တစ်ယောက်... ပြော..”
“ချက်စူ”
“ဟေ့ကောင် ... နာမည်ရင်းလို့ ပြောနေတာ ... မင်း မကြားဘူးလား”
“မသိဘူး... မရှိဘူး ...ချက်စူ ပဲ ရှိတယ်”
“ဟာ ဒီကလေးတော့”
“ကဲ...ကဲ မြင့်ဆောင်... ဒီကလေးတွေနဲ့ မင်းနဲ့တော့ ဖြစ်မှာမဟုတ်ဘူး.... ပေး ပေး ငါ စာရင်းလုပ်ပေးမယ်”
အသားဖြူဖြူ ရုပ်ချောချော ဦးလေးကြီးတစ်ယောက်က မျက်မှန်နှင့် ဦးလေးကြီးနေရာ ၀င်လာသည်။ အလကားနေရင်း စိတ်တိုနေတတ်သော မျက်မှန်နှင့် ဦးလေးကြီးကို ကြံကျောင်းလည်း ကြည့်မရ ဖြစ်လာမိ၏။
“ကဲ ... သား နာမည်က...”
“ဂျိုကာပါ... နာမည်ရင်းက မောင်ဝေယံအာကာမိုး...”
“ဟာ ... ကောင်းလိုက်တဲ့ နာမည်ကွာ...”
ဗွက်ညီနံ တထောင်းထောင်း နေပူသတ်ထား၍ သံချေးရောင် အသားအရေဖြင့် လူကြီးစွယ်ကျယ် အင်္ကျီကို အပေါ် အောက် ၀မ်းဆက်ဝတ်ထားသည့် ဂျိုကာ၏ နာမည်ရင်းမှာ ဝေယံအာကာမိုး ဖြစ်နေသည့်အတွက် ပထမ စိတ်တိုတတ်သည့် ဦးလေးကြီးက နဘေးမှနေ၍ မဲ့ကာ၊ ရွဲ့ကာ၊ ခပ်ဟဟရယ်ကာဖြင့် ရှုတ်ချနေသေးသည်။
စာရင်းပေးပြီးသည်နှင့် ပြိုင်ပွဲဝင်မည့် ကလေးအယောက် (၂၀)ကို နှစ်ယောက်တစ်တွဲစီ တွဲခိုင်းသည်။ ချက် စူနှင့် ကြံကျောင်းက တွဲလျက်ကျ၏။ ပြီးလျှင် ချက်စူ၏ ညာဘက်ခြေထောက်နှင့် ကြံကျောင်း၏ ဘယ်ဘက်ခြေ ထောက်ကို ပုဆိုးစုတ်တစ်ထည်နှင့် ပူးချည်ပေးသည်။
စုစုပေါင်း အတွဲ (၁၀)တွဲ ဖြစ်၏။ ခြေထောက်လေးချောင်းကို သုံးချောင်းအဖြစ် တွဲချည်ထားပြီး ပန်းတိုင် ရောက်အောင် ပြေးရမည်ဖြစ်သည်။
“ဟေ့ကောင်... ကြံကျောင်း...ခြေထောက်တွေကို ၀စီ မှုတ်တာနဲ့ ညီညီညာညာလှမ်းပြီး ပြေးမယ်နော်... နောက်မကျစေနဲ့ ..”
“အေးပါဟ... မင်းသာ မကျန်ခဲ့စေနဲ့...”
ကြံကျောင်း ရှေ့တူရှုက ပန်းဝင်ရမည့် ဖဲကြိုးကို စိုက်ကြည့်ပြီး ၀စီ မှုတ်သံကို နားစွင့်နေလိုက်သည်။
“ရှီ.....”
စပြီ ကြံကျောင်း ချက်စူပခုံးကို ဖက်ပြီး ပြိုင်တူပြေးသည်။ ပထမ စည်းဝါး မကိုက်သည့်အတွက် လဲမလို ဖြစ်သွား၏။ ချက်စူက ကြံကျောင်း ပခုံးကို ပြန်ဖတ်ပြီး ထိန်းလိုက်ရသည်။ စ စ ချင်း လေးငါးလှမ်းမှာတင် ပြိုင်ပွဲဝင် သည့် အတွဲ (၃)တွဲလောက် လဲကျန်ခဲ့ကြသည်။
“ဟေး ... ပြေးထားကွ... ဟုတ်ပြီ... ပြေးထား.... မလဲစေနဲ့...”
ဝိုင်းအုံကြည့်နေကြသော လူအများက သူတို့ကို လက်ခုပ်၊ လက်ဝါးတီး၍ အားပေးနေကြသည်။ ကြံကျောင်း၊ ချက်စူပခုံးကို တစ်ချက် ဆုပ်ညစ်၍ အချက်ပေးသလိုလုပ်လိုက်သည်။ ပြေးသည့်အလျှင်ကို နှစ်ယောက်ပြိုင်တူ ထပ် မြှင့်လိုက်၏။ သူတို့နှင့် အတူ ချွန်ထွက်ပြီး ပါလာသည့်အတွဲက ဘီယာဗူးနှင့် ဂျိုကာ၊ ပန်းဝင်ကာနီးပြီ ကြံကျောင်းတို့ အတွဲနှင့် ဘီယာဗူးတို့ အတွဲ မျဉ်းတစ်ပြေးတည်း ဖြစ်နေကြသည်။
ပန်းဝင်ကာနီး (၃)လှမ်းအလိုလောက်တွင် ချက်စူဆီမှ (အွန့်) ကနဲ မြည်သံနှင့် ခြေလှမ်း ယိုင်ထွက်သွား၏။ သွားပြီ ပန်းဝင်ဖို့ ခြေတစ်လှမ်း နောက်ကျသွားပြီ။ ဘီယာဗူးတို့ အတွဲက ပထမရသွားသည်။ ကြံကျောင်းနှင့် ချက်စူ အတွဲက ဒုတိယ။
“တောက်.... ဘီယာဗူး ...ညစ်ပတ်တယ်...ငါကို ...တံတောင်နဲ့ တွတ်သွားတယ်ကွ”
ချက်စူက သူ့ နံကြားကို ပွတ်သပ်ပြီး ဘီယာဗူးကို မကျေမနပ်ပြောနေလေ၏။ ကြံကျောင်းကတော့ ဘာပဲ ဖြစ်ဖြစ် ဒုတိယဆုကို ချက်စူနှင့် အတူ တစ်ယောက် (၅၀၀)ကျပ်စီ ခွဲတန်းရသဖြင့် ပျော်နေမိသည်။
ဒုတိယ ပြိုင်ရမည့် ပြိုင်ပွဲက အာလူးကောက် လက်ဆင့်ကမ်း ပြိုင်ပွဲဖြစ်၏။ ဒီပြိုင်ပွဲက သုံးယောက်တစ်ဖွဲ့စီ တွဲပြီး ပြိုင်ရမည်ဖြစ်သည်။ ဒီတစ်ခါ ချက်စူ၊ ဘီယာဗူးနှင့် ကြံကျောင်းတို့ တွဲမိကြသည်။ ပထမ တာလွတ်မှာ တစ်ယောက်က အာလူးကောက်၍ ဒုတိယလူရှိသည့် နေရာသို့ ပြေးလာရမည်။ ထိုအာလူးကို ဒုတိယလူ လက်ထဲသို့ ထည့်ပြီးလျှင် ပထမလူ၏ တာဝန်ပြီးပြီ၊ ရရှိလာသော အာလူးနှင့်အတူ ဒုတိယလူက တတိယလူရှိရာသို့ ပြေးရဦးမည် တတိယလူ အာလူးရရှိကာမှ အာလူးနှင့်အတူ တတိယလူက ပန်းတိုင်သို့ ပြေးရမည် ဖြစ်သည်။
ဘီယာဗူးက ကြံကျောင်းကို ပထမလူ နေရာမှာ ထား၏။ ချက်စူကို ဒုတိယလူ၊ သူက နောက်ဆုံး ပန်းဝင်မည့် တတိယလူအဖြစ် နေရာယူသည်။
လက်ထဲမှာ ဆုပ်ကိုင်ထားသည့် ငွေစကလေးနှင့် ပရိတ်သက်တွေ၏ အားပေးသံက သူတို့ သုံးယောက်စလုံး ကို ခွန်အားတွေ တိုးပွားစေသည်။ ကျားကုတ်၊ ကျားခဲ ကြိုးစားလိုက်မည်ဟု ကြံကျောင်း အားတင်းထားလိုက်၏။
“ရှီ.....”
ဟော ခရာတွတ်ပြီ ကြံကျောင်း ခြေတစ်လှမ်း နောက်ကျမခံပဲ ရှေ့ခပ်လှမ်းလှမ်းမှာ ရှိသော အာလူးကို ပြေး ကောက်သည်။ အရှိုန်နှင့် ပြေးနေရာမှ စုံရပ်၍ အာလူးကောက်ရသည့်အတွက် အာလူးကောက်စဉ် အရှိုန်မထိန်းနိုင် ပဲ ကြံကျောင်း ရှေ့ကို ကျွမ်းထိုးမှောက်ခုံ ပစ်လဲသည်။ နာကျင်မူကို ဂရု မပြုအားပဲ လက်ဝါးထဲကို ပြန်ကြည့်တော့ အာလူးက ပါလာသည်။ လူးလဲထပြီး ဆက်ပြေးသည်၊ ချက်စူဆီ ရောက်တော့ အာလူးကို လက်ပြောင်းပေးလိုက်၏။ ချက်စူက တစ်ဆင့် ဘီယာဗူးဆီ အာလူးရောက်သွားပြီ ဘီယာဗူး မနားတမ်း ဆက်ပြေး၏။
ကြံကျောင်း ဘီယာဗူးကို ကြည့်ပြီး ရင်တထိတ်ထိတ် ခုန်နေသည်။ ဘီယာဗူးက သူတို့ထက် အပြေးမြန် သည်ကိုတော့ ကြံကျောင်းသိသည်။ ငှက်ပစ်ရင်း၊ သူတစ်ပါး ခြံထဲက အသီးအနှံခိုး၍ခူးစားရင်း လူကြီးသူမများက လိုက်လျှင် ဘီယာဗူးကို ဘယ်တုန်းကမှ ဖမ်းမမိခဲ့၊ သူတို့တွေသာ အဖမ်းခံရတာ များသည်။
ဟော ဘီယာဗူး ပန်းဝင်သွားပြီ၊ ပထမဆုရပြီ။ ကြံကျောင်းနှင့် ချက်စူ ထခုန်မိကြ၏။
“ဘီယာဗူးကွ.... ဘီယာဗူးကွ....”
ချက်စူက ဘီယာဗူး နာမည်ကို ပါးစပ်က ကြွေးကြော်ပြီး ကျွမ်းထိုးနေသေးသည်။ အစောပိုင်း သူ့ နံပြင်ကို တံတောင်နှင့်တွတ်ခဲ့သူမှာ ဘီယာဗူး မဟုတ်လေသည်ဟန်။
နောက်ထပ် ဂုန်နီအိတ်စွပ် အပြေးပြိုင်ပွဲမှာလည်း ချက်စူက ပထမ၊ ဂျိုကာက ဒုတိယ၊ ကြံကျောင်းက တတိယ ရသည်။ ဘီယာဗူးကတော့ ပန်းဝင်ခါနီးမှ အခြားပြိုင်ပွဲဝင် ကလေးတစ်ဦးနှင့် တွန်းထိုး၊ တိုက်ထုတ် ရန်ဖြစ် နေသည့်အတွက် လူကြီးများက သူတို့ နှစ်ဦးစလုံးကို ပွဲပယ်လိုက်သည်။
လက်ထဲမှာ ကိုင်ထားသော (၅၀၀)တန် နှစ်ရွက်နှင့် (၁၀၀၀)တန် တစ်ရွက်ကို ကြံကျောင်း ဘယ်မှာ ထားရ မှန်းမသိ ဖြစ်နေလေ၏။ နောက်ထပ် ပြိုင်ပွဲတစ်ခုခု ၀င်ပြိုင်လျှင် ပြေးရင်း၊ လွှားရင်းထွက်ကျ၊ ပျောက်ဆုံးသွားမည်ကို စိုးရိမ်နေမိသည်။
“ဒီတစ်ခါ ဆက်လက်၍ ယှဉ်ပြိုင်မည် ပြိုင်ပွဲကတော့ စကောရွက် ပြိုင်ပွဲ ဖြစ်ပါတယ်... ယောင်္ကျားလေးတွေ မပါရပါဘူး.... မိန်းကလေးများ ပြိုင်ရမှာပါ....”
စကောရွက် ပြိုင်ပွဲကိုတော့ ကြံကျောင်းတို့ ဘေးကနေပြီး ရပ်ကြည့်အားပေးနေကြရသည်။ သူတို့ နားချိန် လည်းရသွား၏။
“ဟုတ်ကဲ့... ခု ဆက်လက်ပြီး ယှဉ်ပြိုင်မှာကတော့ မုန့်စား ပြိုင်ပွဲ ဖြစ်ပါတယ် ခင်ဗျား.... ကလေးတွေက လမ်း တစ်ဝက်မှာ အသင့်ရှိနေတဲ့ မုန့်များကို လမ်းတစ်ဝက်မှာပဲ ကုန်စင်အောင် စားရမှာ ဖြစ်ပါတယ်... စား လို့ ကုန်မှ ပန်းတိုင်ကို ၀င်ရမှာ ဖြစ်ပါတယ်”
ဒီပြိုင်ပွဲကိုတော့ ချက်စူတို့ ကြံကျောင်းတို့ အထူး သဘောကျမိ၏။ မုန့်လည်း စားရမည်။ အရင်ဦးဆုံး ပန်းဝင် လျှင်လည်း ဆုရဦးမည်။ ကြံကျောင်းတို့ အုပ်စု ရှေ့ဆုံးမှ နေ၍ ၀င်ရောက် တန်းစီလိုက်သည်။
“ဟေ့ကောင်တွေ ...ဒီပွဲ ...မင်းတို့ မပါနဲ့ဦး... မင်းတို့ချည်းပဲ ...ဆုတွေ ရနေတာ”
မျက်မှန်နှင့် စိတ်တိုလွယ်သည့် ဦးလေးကြီးက ကြံကျောင်းတို့ အဖွဲ့ကို ဆွဲထုတ်သည်။
“ဘာဖြစ်လို့ မပြိုင်ရမှာလဲ.... ကျွန်တော်တို့ကို ဥက္ကဌ ဆိုတဲ့ ဘဘကြီးက ၀င်ပြိုင်လို့ ပြောထားတာလေ”
ဦးလေးကြီးက ဘီယာဗူးက ခံပြောသည်။
“ငါ..တယ်..ဒီပေါက်လွတ်ပဲစားလေးက ငါ့ကိုများ ဥက္ကဌနဲ့ လာခြောက်နေသေးတယ်... သွား ...သွား... မပါရဘူးဆို ...မပါရဘူး”
ပြောပြောဆိုဆိုနှင့် သူတို့ အုပ်စုကို အပြင်သို့ တွန်းလွတ်ပြန်သည်။ ဘီယာဗူးကတော့ မကျေနပ်ဘူးဟု ဆို ကာ ဥက္ကဌဘဘကြီးကို သွားရှာပြီး တိုင်မည်ဟု ပြောသည်။ ဒီလိုနေရာမျိုးမှာ ဘီယာဗူး၏ သတ္တိက အားကိုးရ၏။ ကြံ ကျောင်းလည်း ခုမှ နဖူးက စပ်ဖျင်းဖျင်းဖြစ်လာသည်ကို သတိပြုမိ၏။ အသာစမ်းကြည့်လိုက်တော့ သွေးစ အနည်း ငယ်တွေ့သည်။ အာလူးကောက် ပြိုင်ပွဲတုန်းက လဲကျခဲ့သည်ကို ပြန်သတိရမိသည်။ ဘီယာဗူးတစ်ယောက် ဥက္ကဌ ဘဘကြီးနှင့် တွေ့မတွေ့တော့ မသိ၊ မုန့်စားပြိုင်ပွဲက သူတို့ ၀င်မပြိုင်လိုက်ရပဲ ပြီးသွားပြီ။
ထိုပြိုင်ပွဲ ပြီးလျှင်ပြီးချင်း နေလည်ထမင်းစားဖြုတ်ကြောင်း ကြေငြာချက် ထွက်လာသည့်အတွက် သူ့တို့အဖွဲ့ တွေ အားလုံး ကိုယ့်အိမ်ကိုယ် ပြန်လိုက်ကြရလေတော့သည်။
×××××××××××××××××××××××××××××××××××××××××××

“အဲဒါ ....လွတ်လပ်ရေးနေ့ လို့ ခေါ်တယ် ငါ့မြေးရဲ့.... ဟိုတုန်းကတော့ မြို့နယ် အားကစားကွင်းကြီးမှာ တစ်မြို့လုံးက ရှိတဲ့သူတွေ စုပြီး ပြေးပွဲ... ပြိုင်ပွဲတွေ ချိမ့်ချိမ့်သဲ... ကျင်းပကြတာပေါ့.... ခုတော့ လုပ်နိုင်တဲ့ ရပ်ကွက်က လုပ်.... မလုပ်နိုင်တဲ့ ရပ်ကွက်က မလုပ်ဘူးပေါ့... မြေးရာ”
နဖူးက ဒါဏ်ရာကို အဘဖိုးစိန်က ကျပ်ထုပ် ထိုးပေးရင်းပြောလာသည်။ ဘာပွဲပဲဖြစ်ဖြစ် ကြံကျောင်းကတော့ ဆုကြေး ငွေ (၂၀၀၀) ရရှိလာသည့်အတွက် ပျော်မြူးနေသည်။
သူ ထမင်းစားတုန်း ကျပ်ထုပ် ထိုးပေးနေခြင်း ဖြစ်သည့်အတွက် အဘဖိုးစိန် ကျပ်ထုပ်ထိုးလိုက်တိုင်း ထမင်း လုပ်နှင့် ပါးစပ်က လွဲလွဲသွားသည်။
“တော်ပြီ.... အဘရာ... မထိုးနဲ့တော့ ... ဒါနဲ့ ...အဖေကော.. ထမင်းပြန်စားလား”
စားနေရင်းတန်းလန်းက ဖအေကို သတိတရ မေးလာသည့် မြေးကိုကြည့်ပြီး အဘဖိုးစိန် သူ့မြေးကို ဂရုဏသက်မိပြန်သည်။
“မင်း....အဖေက ဘယ်တုန်းက အိမ်ကို အချိန်မှန်မှန် ထမင်းပြန်စားဖူးလို့လဲ .... ဆိုက်ကားနင်းရသမျှ... အပြင်မှာ သောက်စား မူးရှုးနေမှာပေါ့.... ကိုယ့်ဝမ်း..ကိုယ်ကျောင်းနေတဲ့ တစ်ဘို့သမား...အင်း..မပြောတာ ပဲ ကောင်းပါတယ် မြေးရယ်”
အဘဖိုးစိန်က ကြံကျောင်းကို အဖြေပေးပြီး ပဲကွပ်ကလေးကိုင်ကာ ရက်လက်စ ၀ါးထရံကို ဆက်ရက်နေ လိုက်သည်။ ကြံကျောင်း သူ့အဘစကားကို သူ ဘာဘာညာညာ သိပ်မစဉ်းစားအား အစားကိုသာ အမြန်ဖြတ်ပြီး ငွေ (၂၀၀၀) အဘဖိုးစိန်ကို အပ်ကာ ပြန်ပြေးရမည်မို့ စိတ်လောနေမိသည်။
“အဘ...”
“အင်း...”
“အဲဒီ (၂၀၀၀)နဲ့ အဘနဲ့ ကျွန်တော် မနက်ဖြန် အနွေးထည်တွေ သွားရွေးရအောင်လား....”
“ငါ့မြေးက အနွေးထည်... လိုချင်တယ်ပေါ့”
“ညဘက်ကျ .... ချမ်းတယ် အဘရဲ့....”
“အေးပါကွာ....အေးပါ... အဘအတွက် မလိုပါဘူး.... ငါ့မြေးအတွက် အဘ သွားရွေးပြီး.. ၀ယ်ပေးမယ်”

×××××××××××××××××××××××××××××××××××××××××

နေ့လည်ဘက်မှာတော့ ကြံကျောင်းတို့ ကလေးများ သိပ်မပြိုင်ကြရတော့ပါ။ လူကြီးပွဲတွေ ဖြစ်သည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘောလီဘော ပြိုင်ပွဲ၊ ဂျပန်ဂိုးကျဉ်း ပြိုင်ပွဲများ ကျင်းပကြသည်။ တစ်ခုတော့ ရှိသည် ဥက္ကဌ ဘ ဘကြီး၏ ကောင်းမူဖြင့် အပ်ချည်ကြိုးထိုး အပြေးပြိုင်ပွဲကိုတော့ ၀င်ပြိုင်လိုက်ရသေးသည်။ ထိုပြိုင်ပွဲတွင် ကြံကျောင်း က နှစ်သိမ့်ဆုအဖြစ် (၅၀၀)ကျပ် ထပ်ရသည်။ ညနေ ၅ နာရီလောက်တွင်တော့
“( ) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးပြီ ဖြစ်ပါ ကြောင်း ကြေငြာအပ်ပါသည် ခင်ဗျား..”
ဟု ဆိုကာ ပွဲပြီးသွားလေတော့၏။
ထပ်ရလာသော (၅၀၀)ကျပ်ကို ကြံကျောင်း ကျစ်ကျစ်ပါအောင် ဆုပ်လို့ အိမ်ပြန်လာခဲ့လိုက်သည်။ ကံမကောင်းချင်တော့ အိမ်ပေါက်ဝတွင် ဆီးပြီး စောင့်ကြိုနေသည့် သူ့အဖေ ကိုနတ်ကျော်နှင့် ပက်ပင်းသွားတိုး၏။
“ဟေ့ကောင်...မင်း မနက်က (၂၀၀၀) ရတယ်ဆို... ငါ့ကို ...ပေးစမ်း”
“ဟာဗျာ... အဖေနဲ့ ဘာဆိုင်လို့လဲ...ကျွန်တော်ဘာသာ... ပြိုင်လို့ ရလာတဲ့ ဟာကို”
“ဟေ့ကောင်.... သောက် စကားမများနဲ့ ...မင်း ကို ငါလုပ်ကျွေးနေတာ မဟုတ်လား....မင်း ပိုက်ဆံ နောက်နေ့ ပြန်ပေးမယ်... ခု အရေးကြီးလို့ ... ပေးစမ်း”
ကြံကျောင်း စိတ်အတော် ညစ်သွားမိသည် ဆက်ပြီး တင်းခံနေလျှင် နာရင်းအအုပ်ခံရတော့မည်။ ထို့ကြောင့် အဘထံမှာ အပ်ထားသော ပိုက်ဆံကို တောင်း၍ သူ့ အဖေကို ဆောင့်ဆောင့် အောင့်အောင့်နှင့် ပေးလိုက်သည်။ ဘီယာဗူး အဖေ့ကို ချွန်လိုက်တာ ဖြစ်မည်ဟုလည်း သူ အတပ်သိလိုက်၏။ ကြိုးစား၊ ပမ်းစားရလာသော ပိုက်ဆံ လေးကို နှမျှောနေမိသည်။ ခုညနေရလာသည့် ပိုက်ဆံ ငါးရာကိုတော့ သူ့အဖေမမြင်အောင် သူ ဖွတ်လိုက်နိုင်၏။
“မင်း အချိုးတွေပြင်နော်...ကြံကျောင်း... မင်း ဘယ်သူ့ အားကိုးနဲ့ ငါ့ကို ...အာခံချင်နေတာလဲ... ဟွန်း ငါ လုပ်လိုက်ရ...”
သူ့အဖေနှုတ်မှ လုပ်လိုက်ရဟု ပြောသော်လည်း လက်ကတော့ ကြံကျောင်းကိုယ်ပေါ်သို့ တစ်ချက်ရောက် သွားသေးသည်။ အဘဖိုးစိန်ကတော့ သမက်နှင့် မြေးဖြစ်သူကြား ၀င်မပါချင်သည့်ဟန် ၀ါးထရံများကို နေရာတကျ ထပ်၍ စုပုံနေလိုက်သည်။
“ဘယ်သူ့ အားကိုးနဲ့” ဟူသော သမက်၏ ပြောစကားမှာ သူ့ကို စောင်းမြောင်းပြောမှန်း အဘဖိုးစိန် သိ၏။ မြေးလေး၏ ပိုက်ဆံ (၂၀၀၀) မရှိတော့ သော်လည်း မနက်ဖြန် ၀ါးထရံရက်ခဖိုး တောင်းလို့ရလျှင်တော့ မြေးလေးဖို့ အနွေးထည် ကောင်းကောင်းလေးတစ်ထည် ၀ယ်ပေးရမည်ဟု မှန်းထားလိုက်သည်။
ကံဆိုး အကြောင်းမလှစွာ မိခင်ရင်ငွေ့ မခိုလှုံ့ခဲ့ရသော မြေးလေး၊ အဖိုးအေ ၀ယ်ပေးသည့် အနွေးထည် ရင်ငွေ့လေးကိုတော့ ခိုလှုံ့ခွင့်ရစေချင်သည်။
ခုညလည်း ဆောင်းအချမ်းက ပီပီပြင်ပြင် သရုပ်ပြပေလိမ့်ဦးမည်။ ယခုတောင် အအေးဓါတ်က စိမ့်စိမ့်တက် လာပြီ မဟုတ်လား။

××××××××××××××××××××××××××××××××××××

“စောသေးတယ် မြေးရဲ့.... အိပ်ဦးပေါ့”
“ချမ်းတယ် အဘရ... နဖူးက အနာကလည်း နာတယ်.. အဘ မီးမဖိုသေးဘူးလား”
“ဖိုနေပြီ မြေး.... မီးစွဲတော့မယ်... ခဏလေးစောင့်”
ကြံကျောင်း လွှာချင်းစောင်လေးကို ခန္ဓာကိုယ်နှင့် ထွေးပက်ပြီး ကပို့ကရိုနှင့်ပင် အဘဖိုးစိန်ဖိုနေသော မီးဖိုနဘေးသို့ ၀င်ထိုင်လိုက်၏။ ၀ါးကလေးများကို စုပုံပြီး မီးမှုတ်လိုက်သည့်အတွက် မီးတောက်ကလေးများ ထွက်လာသည်။ အဘဖိုးစိန်က မကျီးမြစ်တုံးတစ်တုံး သွားမလာပြန်သည်။ ထိုမကျီးမြစ်တုံးကို မီးစွဲသွားလျှင်တော့ မီးကျီးခဲနှင့်ပင် အပူဓါတ် အတော်လေး အားကောင်းလာမည် ထင်၏။ ခုတော့ ခိုက်ခိုက်တုန်အောင် ချမ်းနေသေးသည်။
“ဒီနေ့ ... ဘယ်လမ်းမှာ ...လွတ်လပ်ရေး လုပ်ဦးမလဲ မသိဘူးနော် အဘ”
“ကွယ် ... လူလေးရဲ့ လွတ်လပ်ရေးက တစ်နှစ်မှ တစ်ခါပဲ လုပ်ရတာလေ....”
ကြံကျောင်း အဘဖိုးစိန်ကို သေချာပြန်ကြည့်မိလိုက်၏။
“နေ့တိုင်း.... လုပ်လို့ မရဘူးလားအဘရာ...မနေ့က လွတ်လပ်ရေးက ...ကျွန်တော်မှာ အနွေးထည် တစ်ထည်တောင် မရလိုက်ဘူးရယ်.... ဒီနေ့ လွတ်လပ်ရေး ဆိုရင် အဆင်ပြေပြီ ...အဘရ”
ကြံကျောင်းအပြောကို အဘဖိုးစိန်က သဘောတကျနှင့် တဟားဟား အော်ရယ်သည်။ ကြံကျောင်းက ကျိတ်မနိုင် ခဲမရ တစ်ခွန်း ငြီးတွားလိုက်သေး၏။
“တောက်.....နေ့တိုင်းသာ.... လွတ်လပ်ရေး ရလို့ကတော့ကွာ......”
လောင်စာကုန်သွားသည့် အတွက် တောက်မည့်မီးခဲများကတော့ လေအဝှေ့မှာ ရဲခနဲ...ရဲခနဲ ....။ ။

မှူးဆက်ပိုင် (ရွှေတောင်)
4.1.2013 (04း02 PM)

(ဒီတွင် ... "ဒို့ .. အမျိုးဇာနည် ... ပီပါပေသည်" စာမူ ပြီးပါဘီ)