Sunday, January 20, 2013

“နှစ်သစ် အဖွင့်”

မနက်ဖြန်ရောက်မယ့်
နှစ်သစ်အဖွင့်မှာ
စစ်ချီတေး... စစ်သည်တေး မလိုဘူး .....
ယမ်းငွေ့ တလူလူခြား ငိုကြွေးမယ့်
ရှိုက်သံတွေ ... မလိုဘူး .....
မြန်မာပြည်မြောက်ပိုင်းက
ဆောင်း အချမ်းဟာ
ငါတို့ မြေပြန့်သားတွေကို
... ချောင်းဆိုး ရင်ကျပ်စေတာ အမှန်ပဲ
ရင်ဘက်ချင်း
Network ချိတ်ထားသလို .....
အသွေးအသားချင်း
ဝက်သိုးချုပ် ချုပ်ထားသလို .....
ငါတို့ ရင်ထဲက မနက်ဖြန်တွေ ခိုးဝှတ်မသွားဖို့ ...........။

မနက်ဖြန်ရောက်မယ့်
နှစ်သစ်အဖွင့်မှာ
ဘယ်အချိန် ဘာလာမယ်ဆိုတဲ့
ပရိုဂရမ်တွေ မလိုဘူး ......
အလိုမတူဘဲ
လွင့်ကြွေရမယ့် ပန်းကလေးတွေ မလိုဘူး .....
တိုင်းတစ်ပါးမြေပေါ် ကျတဲ့ မျက်ရည်စက်ဟာ
ငါတို့ နှလုံးသွေးစက်တွေ ဆိုလည်း အမှန်ပဲ
တစ်ယောက်ခေါင်း တစ်ယောက်နင်းပြီး
မွေးဖွားကြီးပြင်းလာ သလို .....
မျက်ဝန်းတွေကတစ်ဆင့် တစ်ယောက်ရင်တွင်း
တစ်ယောက် လှမ်းမြင်နေရ သလို......

ဒီမှာ
မနက်ဖြန်ရောက်မယ့်
နှစ်သစ်အဖွင့်မှာ
ငါတို့ ရင်ထဲက မနက်ဖြန်တွေ ခိုးဝှတ်မခံရဖို့ .....
မနက်ဖြန်တွေကို အတောက်တပ်ထား လိုက်တော့မယ်..။ ။
PM 07:06
31.12.2012 (နှစ်ကူးည)
မှူးဆက်ပိုင် (ရွှေတောင်)

No comments: