Friday, August 24, 2007

ခေတ်

ခေတ်ကိုက ရယ်ဒီမိတ်ခေတ်
ပြောရင်ဆွဲဆန့်သလောက်ရှည်မယ်
စိန်ခေါ်သံပြာနှမ်းနှမ်းထဲ
ထဲထဲဝင်ဝင် စီးပျော်ခဲ့ကြ
ရင်ဟာတစပြင်လို
အကွပ်ဘောင်မဲ့တယ် . . .
ခေတ်ရဲ့ကွာဟမှုက ကျွန်တော်နဲ့
မဟပ်စပ်ခဲ့ဘူး
ကျွန်တော် မျက်နှာသေနဲ့
ကျိုးကျိုးနွံနွံ ရိုးသားခဲ့ပါတယ် . . . ။ ။

ဇော်လွန်း (ရွှေတောင်)
10 Nov 2005
PM 10:10 ( THUR )

ဒို့ နှစ်ယောက်အကြောင်း

ကိုယ်တို့တတွေ ရာသီတစ်ခု ပွင့်လင်းသလို

လင်းလင်းထင်ထင် ပွင့်လင်းခဲ့ကြဖို့ကောင်းတယ်

လွဲမှားခဲ့သော . . .

ညှိနှိုင်းမရသော ပြဿနာများ . . .

အဆင်မပြေသလို မီးစင်ကြည့်ကလိုက်ကြ

ကျောက်ရုပ်တွေလို မတ်မတ်ကြီး

တွေဝေနေဖို့ မသင့်ဘူး

ဘ၀ဟာ ဘ၀ပဲ

ချော်လဲရောထိုင် ဘဝ

တစ်ကိုယ်တည်းရှင်သန်ဖို့ ဆိုတာ

ထင်သလောက်မလွယ်ဘူး . . .

ရေဆာချိန်မှာ ရေပဲလိုချင်ခဲ့တယ်

မြင်နိုင်မယ့် အလင်းတံခါးတွေကို ဖွင့်ထားလိုက်ပါ

ရေခဲမြစ်တွေ အရည်ပျော်တယ်

ကမ္ဘာကြီး ပူနွေးလာတယ်ဆိုပဲကွယ့် . . .

အဲလိုဆို ဒို့လည်း နွေးထွေးသင့်တယ်

စိတ်တွေ ဆန်ကာပေါက်လို

အပေါက်ပေါက်နဲ့

ရင်ဘတ်ထဲ ချော်ရည်မြစ်တစ်စင်း

အလျားလိုက် စီးဆင်းခဲ့ပြီ . . . ။

ဇော်လွန်း(ရွှေတောင်)

2007 Sep ( ဖြစ်ရပ်မှန် စုံထောက် မဂ္ဂဇင်း “စုံထောက် ပွင့်သစ် ကဗျာကဏ္ဍ" )

blogger မိတ်ဆွေများ ကို ကျွန်တော် မိတ်ဆက်ပေးပါရစေ။ ဇော်လွန်း(ရွှေတောင်) ဆိုတာ ကျွန်တော်နှင့် အတူ ရင်ခုန်သံချင်းထပ်တူကြပြီး အသည်းကို အကြိမ်ကြိမ်အခွဲခံရဲသော အာဂ ကဗျာဆရာတစ်ယောက်ဖြစ်ပါတယ်။ သူကိုလည်း အားပေးကူညီ ဝေဖန်အကြံပြုပေးကြပါဦးလို့ . . .

Thursday, August 23, 2007

မြွေ



အကြေးခွံအထပ်ထပ်နဲ့
အရိုးလို လို့ အသားတောင်းခဲ့ဘူးတယ်
ဘယ်လောက်နက်နက် တွားသွားဖို့ ၀န်မလေးခဲ့တဲ့ ကောင်ပါ
တစ်ခါတစ်ရံ
ကိုယ့် ထောင်ချောက်နဲ့ကိုယ်
တစ်ခါတစ်ရံ
ကိုယ့် အဆိပ်နဲ့ ကိုယ်
အလူးအလဲ ရုန်းကန် ပြေးလွှားခဲ့ဘူးတယ်
အစားတစ်လုပ်အတွက်
ဦးခေါင်းကို မရဏမင်းထံ ပေါင်နှံဘူးတယ်
ဝမ်းမီးငြိမ်းတော့
အတိုးတစ်ဝက် အရင်းတစ်ဝက်နဲ့
ကိုယ့်ဘက်မှာ နှစ်ဆယ့်ငါး ရာခိုင်နှုန်းလောက်ပဲ ကျန်ခဲ့
ကြည့်မှန်တစ်ချပ်လို နေထိုင်ခဲ့တာပါ
သူ့ကောင်းရင် . . .
ကိုယ်ခေါင်းမရွှေ့ပါဘူးလေ . . .။ ။

ကွက်လပ်



လေတွေကြမ်းတယ် . . .။
တိမ်တွေကို ကြည့်ရင်း
မိုးတွေ ညို့ခဲ့

အမြင့် ပျံသန်းဖို့ . . .
ကျွန်တော့်မှာ
ကောင်းကင်မှ မရှိတာ . . .။ ။
4 May 2000 မှာ ကွယ်လွန်သွားသော
အဖေသို့