Wednesday, March 21, 2012

ရတီ မဂွဇင်း 2011 ဇူလိုင်လတွင် ဖော်ပြခံရသော ကျွန်တော်ရဲ့ ၀တ္ထုတိုလေးပါ။ ခံစားပေးကြပါဦး

ကောက်ရ

နွေနေက ပူလောင်လွန်းလှရဲ့။ တစ်ချက်၊ တစ်ချက် တိုးဝင်တိုက် တ်လာတဲ့ လေပူတွေကလည်း လူကို ပိုပြီး အနေရခက်စေတယ်။ အရိပ်အာဝါသမရှိ လယ်ကွင်းပြင် ထီးထီးရဲ့ အလယ်ဟိုတစ်စု၊ ဒီတစ်စု ဆောက်ထားလက်စ ပွဲဈေးဆိုင်ခန်းတွေကို တစ်ချက် မျှော်ကြည့်ရင်း ရာသီဥတုကို ကျွန်တော်နည်းနည်းတော့ စိတ်ပျက်မိတာ အမှန်ပဲ။
ဒါတောင် ရွှေနတ်တောင် တပေါင်းပွဲဈေးဆိုရင် ကျွန်တော် ဘယ်တော့မှဆိုင်စောစောမတက်။ လဆန်း (၈) ရက်နေ့ကနေ လပြည့် နေ့ (၁၅) ရက်အထိ ကျင်းပတဲ့ ဒီ တပေါင်းပွဲမှာ ကျွန်တော်က လဆန်း (၅) ရက်နေ့လောက်မှ တက်နေကျ။
ရွှေနတ်တောင် တပေါင်းပွဲတော်ဆိုတာကလည်း နွေခေါင်ခေါင် ရာသီဥတုပူပြင်းပြီး နေရ။ ထိုင်ရခက်တာကလွဲရင် အရှုံးမရှိ။ အမြတ်အသားတင် ကျန်အောင် ရောင်းကောင်းတဲ့ ပွဲမျိုး ဖြစ်လေတော့ တက်နေကျပွဲဈေးသည်တိုင်း လက်မလွှတ်တဲ့ ပွဲမဟုတ်လား။
”ဟ..ကောင်လေး မင်း ရောက်လာပြီလား၊ ငါ ဘာကူညီရ ဦးမလဲဟေ့”
ကားပေါ်က ပစ္စည်းတွေ ချနေတုန်း နောက်က ဘကြီးတိုး မေးသံ ကို ကြားလိုက်ရတယ်။
”ဘကြီးတိုးပါလား၊ တစ်နှစ်၊ တစ်နှစ်ပြန်ဆုံကြပြီနော်။ ဘကြီးတိုးတောင် ပိုဝလာတယ်”
”ဟား ဟား ဟား ၊ ငါ့ကောင်ကတော့ လုပ်ပြီဟေ့”
ကျွန်တော့်စကားကို ဘကြီးတိုးက ဟာသ လုပ်ပစ်တယ်။
”မင်းသေချာကြည့်စမ်းပါ။ ငါက ဝလာတာမဟုတ်ဘူး။ မနှစ်ကထက်စာရင် ဒီနှစ်ပိုပြီး အိုစာလာတာ၊ ခါးပိုကိုင်းလာတာ၊ နားပိုထိုင်းလာတာ၊ ပြီးတော့ သေဖို့ တစ်နှစ် ပိုနီးသွားတာ၊ အဲဒါတွေကမှ အမှန်”
”ဟာ ဘကြီးတိုးက လုပ်ပြီ။ ကျွန်တော်က တကယ်ပြောတာပါ ဗျာ။ ဒါနဲ့ ဘကြီးတိုးဆိုင်ကော အားလုံးပြီးသွားပြီလား”
”နေမလား၊ ငါ့ကောင်ရ ငါပဲဟာ၊ လဆန်း(၂)ရက်နေ့က ရက်ကောင်းလို့ ဆိုင်တက်တယ်၊ (၃) ရက်နေ့ဆိုင်ကို အားလုံးပြင်ဆင်ပြီးတယ်။ ခုရောင်းဖို့ ချဖို့တောင် အဆင် သင့်ပဲဟေ့”
ကျွန်တော် ဘကြီးတိုးဆိုင်ဘက်ကို လှမ်းမျှော်ကြည့်လိုက်တော့ ဟုတ်ပါ့ ဘကြီးတိုးဆိုင်က ”မြင့်မြင့်ဌေး ရွှေတောင်မုန့်ဟင်းခါး” ဆိုတဲ့ ဆိုင်းဘုတ်တောင် လေမှာ တလူလူ လွင့်လို့။
ဘကြီးတိုးနဲ့ ကျွန်တော် သိကျွမ်းခင်မင်ခဲ့ကြတာ ခုဆို (၅)နှစ် လောက်တော့ ရှိပြီထင်ရဲ့။ အသားဖြူဖြူ၊ အရပ်ပုပု၊ ဗိုက်ရွှဲရွှဲနဲ့ စကားပြောကောင်းတဲ့ ဘကြီးတိုးကို ဒီ ဇာတ်ရုံရှေ့ ပွဲဈေးသည်တိုင်းက သိ ကြ၊ ခင်မင်ကြတယ်
ကျွန်တော်တို့ ရွှေနတ်တောင် ဘုရားပွဲဈေးတက်ရောင်းတယ်ဆိုတာ ဘာကြာသေးလို့လဲ။ ဘကြီးတိုးတို့က ဒီပွဲဈေးကိုတက်ပြီး ဈေးရောင်းလာတာ နှစ် ၂ဝ နီးနီးရှိ သွားပြီ။ ကျွန်တော်သိရသလောက် ဘကြီးတိုးတို့က ရွှေတောင်မြို့မှာနေကြတာ။ ဆယ်နှစ်ပွဲဈေးသည်တွေတော့ မဟုတ်ဘူး။ ဒီ တပေါင်း ပွဲတစ်ခုပဲ အပျော်တက်ရောင်း ကြတာ။
အင်း အပျော်တက်ရောင်းတယ်ဆိုတာက ဒီလို။ ဘကြီးတိုးက သရက်သုံးပင်ရွာဇာတိ ရွှေတောင်မြို့ပေါ်က မပြောင်းခင်ရွာမှာနေစဉ် အခါက ထုံးတမ်းစဉ်လာတစ်ခု အနေနဲ့ တပေါင်းပွဲဟေ့ဆိုရင် တစ်ရွာလုံးလှည်းကိုယ်စီနဲ့ အိုးခွက်ပန်းကန်အပြည့်အစုံသယ်လို့ တပေါင်းပွဲကို ပွဲရက်အစရက်နုပိုင်းကနေ၊ ပွဲရက် နောက်ဆုံးရက် ရင့်ပိုင်းထိ လှည်းဝိုင်းကြီးနဲ့ နေရာအကျယူပြီး လာနေကျ။ ရွာကနေ မြို့ပေါ်ရောက်တော့ အဲဒီအကျင့်ကြီးက ဖျောက်လို့မရတော့ဘူး။ ဒါနဲ့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် ဈေးရောင်းရင်း ပွဲဈေးလယ်။ ရွာလှည်းဝိုင်းက ဆွေမျိုးတကာတွေနဲ့လည်း ပြန်လည် တွေ့ဆုံ၊ ဒါကြောင့်အပျော်ပွဲဈေး ရောင်းတယ်လို့ ပြောရတာပါ။
ဘကြီးတိုး သားသမီးတွေက ခုတော့ကိုယ့်အိုး၊ ကိုယ့်အိမ်နဲ့ တစ်ယောက်တစ်နေရာစီ။ ဒါပေမဲ့ ဘယ်လောက်ပဲ မိဘနဲ့ ဝေးကွာနေတဲ့ သားသမီးပဲဖြစ်ဖြစ် ရွှေနတ်တောင် တပေါင်းပွဲတော်ရက် ရောက်ပြီဆို တာနဲ့ မိသားစု စုံစုံလင်လင်မိဘနဲ့ အတူ ဈေးရောင်းဖို့ ပြန်လာကြရ တယ်။ ဒါက ဘကြီးတိုးရဲ့ အမိန့် ဆို ပါတော့။ အခါကြီး၊ ရက်ကြီးတွေမှာ မိဘကို လာရောက်မကန်တော့ရင် နေပါစေ။ တပေါင်းပွဲရောက်လို့ မလာဖြစ်တဲ့ သားသမီး၊ မြေးမြစ် တွေကိုတော့ ဘကြီးတိုးက တအား စိတ်ဆိုးတတ်တယ်။
ဒါကြောင့် ဘကြီးတိုးဆိုင်ကို ဘယ်အချိန်ပဲကြည့်ကြည့် သူ့သားသမီး၊ မြေးမြစ်တွေနဲ့တင်ဆိုင်က အမြဲတမ်း လူပြည့်၊ စည်ကားနေတတ်တာ။
ဒီအကြောင်းတွေ ဘာလို့သိလဲဆိုတော့ ရက်နုပိုင်း လဆန်းရက်လိုမျိုး၊ အရောင်းပါးတဲ့ ရက်တွေမှာ လရိပ်ကလေးနဲ့ရင်းနှီး၊ ခင်မင်ရာခင်မင်ကြောင်း ရေနွေးကြမ်းဝိုင်းဖွဲ့ ရင်း ဘကြီးတိုး ကိုယ်တိုင်အမြဲပြော ပြောနေလို့ သိရတာပါ။
အဲ ဘကြီးတိုးနှစ်စဉ် ကျွန်တော်တို့ကို မပျက်မကွက် ပြောပြောပြတဲ့ အရေးကြီးဇာတ်လမ်းတစ်ခုရှိသေးတယ်။ အဲဒါက ဘကြီးတိုးရဲ့ နွားလေး ‘ကောက်ရ’ ဇာတ် ကြောင်းပေါ့။ တပေါင်းပွဲမှာ ဇာတ်လုံးဝမကရဘဲ ပွဲပြီးချင်ပြီးသွားမယ်။ ဘကြီးတိုးရဲ့ ‘ကောက်ရ’ ဇာတ်ကြောင်းကို ကျွန်တော်တို့ နားမထောင်လိုက်ရဘဲနဲ့တော့ ပွဲကပြီးရိုး ထုံးစံမရှိဘူး။ အဲဒီလောက်ထိ။
”န..ပြာ..တွဲ တောင်..၊ ပေါင်း..ကူး..ဆုန် နောက်..၊ န..ဝါ..ဝါ..မြောက်..၊ တီ..ကျွတ်..မုန်း ရှေ့တဲ့” လက်ဖက် တစ်ဇွန်း ကောက်ဝါးနေတုန်း ဘကြီး တိုးရဲ့ စကားအဆန်းကြောင့် နည်းနည်းတော့ စိတ်ဝင်စားသွားတယ်။
”လင်းစမ်းပါဦး ဘကြီးတိုးရဲ့၊ အဲဒါ ဘာကို ညွှန်းတာလဲ”
”ဒါ၊ နဂါးလှည့်တွေပေါ့ ကောင် လေးရ၊ လအမည်တွေကို အတို ကောက်လုပ်ပြီး မှတ်ရလွယ်အောင် လုပ်ထားတာ။ ဒါတွေကို မယုံလို့ တော့ မရဘူးမောင်၊ မင်းတို့လို အ ရောင်းအဝယ်သမားတွေက ပိုပြီး ဆောင်သင့်၊ ရှောင်သင့်တယ်။ န.. ပြာ..တွဲ တောင် ဆိုတာက နတ် တော်၊ ပြာသို၊ တပို့တွဲ လတွေမှာ နဂါးခေါင်းက တောင်ကို လှည့် တယ်လို့ ပြောတာ..ထိုနည်းလည်း ကောင်းပေါ့ ပေါင်း..ကူး..ဆုန် ..နောက်ဆိုတာ တပေါင်း၊ တန်ခူး၊ ကဆုန်မှာက အနောက်ဘက်။ စတဲ့ ဆယ့်နှစ်လရာသီမှာ လှည့်တဲ့ နဂါး ခေါင်းကို မှတ်ထားတာ။”
ရေနွေးကြမ်းတစ်ခွက်ငှဲ့ သောက်ရင်း ဘကြီးတိုးက စကား ကို ခဏနားတယ်။ ပြီးမှ..
‘မင်းတို့ ခု ပွဲဈေး၊ တစ်ပွဲနဲ့ တစ်ပွဲ အကူး နဂါးလှည့်သင့်ဖို့ အရေးကြီးသလို ရက်ရာဇာ၊ ပြဿ
ဒါး ရွေးဖို့လည်း လိုအပ်တယ်။ ဒါမှ ရောင်းရေး ဝယ်ရေး ကောင်းတော့ မပေါ့ မောင်ရာ”
ဘကြီးတိုးစကားတွေကို သင့် မသင့်၊ ရာမရာ ဘာတစ်ခုမှ ဝင် မဆွေးနွေးပေမယ့် ကျွန်တော်က တော့ ဒီအယူအဆတွေကို သိပ် လက်ခံချင်သူတော့ မဟုတ်ဘူး။ လက်မခံဘူးလားဆိုတော့လည်း မ ဟုတ်ဘူး။ ဘယ်လိုပြောရမလဲ ကျွန်တော်က ကြားနေသမား သက် သက်ရယ်ပါ။
”အဲ..ပြီးတော့ နေ့သင့်၊ နံ သင့်နဲ့ လိုက်ပြီး အကျိုးပေးကောင်း တဲ့ ပစ္စည်းလေးတွေလည်း ဆောင် သင့်တယ်။ ဒီပညာရပ်တွေက ရှင်းရမယ်ဆိုရင်တော့ အရှည်ကြီး ပေါ့။ ပြီးတော့ မင်းတို့ လတ်တ လောနားလည်ဖို့ မလွယ်ဘူးလေ။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဥပမာ တစ်ခုနဲ့ပဲ မင်းတို့ နားလည် အောင် ငါကိုယ်တိုင် ကြုံခဲ့ရတဲ့ ငါ့ နွားလေး ကောက်ရ အကြောင်းကို ပြောပြရဦးမယ်”
ဘကြီးတိုးရဲ့ စကားအသွားအ လာက ကောက်ရဘူတာကိုတော့ ဆိုက်လာပါပြီ။ ဒီရေနွေးကြမ်းဝိုင်းမှာ ဝိုင်းဖွဲ့နေကြတဲ့ လူငါးယောက်အနက် လေးယောက်သောသူတွေ ကတော့ ကောက်ရဇာတ်ကြောင်းကို နောကျေအောင် ကြားဖူး၊သိဖူးပြီး သားတွေရယ်ပါ။ အဲ ကျန်တစ်ယောက်ကတော့ ဒီနှစ်မှ ဘကြီးတိုး ဆိုင်ရှေ့ မျက်နှာစာမှာ ဗျပ်ထိုးလာထွက်တဲ့ ကွမ်းဆိုင်က လူသစ်တစ်ယောက်ပဲ ဘကြီးတိုးရဲ့ ကောက် ရ နဲ့ မသိကျွမ်း မရင်းနှီးသေးတာ။
”အဲဒီ အချိန်ကာလက မြစ် ရေတွေတက်ပြီး ရေကြီးနေတဲ့ အ ချိန်ပေါ့ကွယ်”
သရက်သုံးပင်ရွာဆိုတာက ဝါ ဆို၊ ဝါခေါင် မြစ်ရေကြီးချိန်ဆိုရင် ရွာအရှေ့ဘက် အင်းရေက မြင့် တက်လာပြီး ရွာအနောက်ဘက် မြစ်ရေနဲ့ ရွာအရှေ့ဘက် အင်းရေ က တစ်စပ်တည်းဖြစ်လို့ ရွာကြီး က ရေပြင်တစ်ခုလုံးရဲ့ အလယ်ကို ရောက်သွားတတ်တာ။
အဲဒီနေ့က ဘကြီးတိုးနဲ့ သူ့ သား အကြီးကောင် ကြီးစိန်တို့ မြစ် တစ်ဖက်ကမ်း အနောက်ဘက် ရိုး ပေါ်ကို နွားနဲ့ နွားစာတွေ သွားပို့ပြီး ပြန်အလာ၊ မြစ်ရေထဲ ဗေဒါပုံပေါ် ခေါင်းတင်ပြီး မျောလာတဲ့ နွား ပေါက်လေးတစ်ကောင်ကို သွား တွေ့တယ်။ သားအဖနှစ်ယောက် နွားလေးကို ခဲရာခဲဆစ် ဆယ်လာခဲ့ ကြတယ်။
အိမ်ရောက်တော့ မြစ်ရေကြီး လို့ ဒုက္ခ၊ သုက္ခများနေတဲ့ကြားကပဲ နွားလေးကို ရေခြောက်အောင် သုတ်သူက သုတ်၊ မီးမွှေးသူက မွှေး။ တဆတ်ဆတ်တုန်နေတဲ့ နွား လေးကို မီးဖိုနားကပ်ထားလိုက် တယ်ဆိုရင်ပဲ နွားလေးက တည် တည်ငြိမ်ငြိမ် လန်းလန်းဆန်းဆန်း ဖြစ်လာတယ်။
ဘကြီးတိုးသမီး အလတ်မက မြစ်ရေထဲက ကောက်ရတဲ့ နွားလေး မို့ ‘ကောက်ရ’ လို့ ခေါ်ရအောင်ဆို ပြီး ကင်ပွန်းတပ်ပေးတယ်။ မြစ်ရေ ကြီးချိန် အထက်ဘက် ရွာတစ်ရွာ ရွာက မျောလာတဲ့ နွားပေါက်လေး တစ်ကောင် ကောက်ရတယ်ဆိုတာ ဘာမှ မဆန်းပါဘူး။ ဒါပေမဲ့ အဲဒီ ကောက်ရခဲ့တဲ့ နွားလေး ကောက်ရ က သံရောင်း မွေးနုမျက်ကြား ဗွေ ကောင်း အခြားသော နွားတွေနဲ့ မတူအောင် ထူးခြားလှပပြီး သခင် အလိုကို သိတဲ့ နွားလိမ္မာလေး တစ်ကောင်ဖြစ်လာတာက ဘကြီး တိုးအဖို့ြ<ွကားမဆုံးနိုင်ဖြစ်နေတာ ရယ်။
ပြီးတော့ ကောက်ရ ရောက် လာတဲ့နေ့ကစပြီး ယခင် ကသီလင် တ လုပ်ကိုင်စားသောက်နေရတဲ့ ဘကြီးတိုးတို့ရဲ့ မိသားစု စီးပွားရေး က ထူမတ်လာတယ်။
အများပြောင်းခင်းက ပြောင်း မဖူးခင်(သီးနှံမပေါ်မီ) ရေမြုပ်လို့ စီးပွားကျတဲ့အချိန် ဘကြီးတိုးတို့ ပြောင်းခင်းက သက်နုမျိုးရွေး စိုက် မိလို့ ရေလွတ်တယ်ဆိုရုံလေး ခုတ် ပြီး၊ အခင်းသိမ်းပြီး ဖြစ်နေပြီ။ မြေပဲ ခင်းဆိုလျှင်လည်း မြေပဲခင်းအ လျောက် ဘကြီးတိုးအခင်းက စံချိန် သစ်တင်ရလောက်အောင်ကို ပို ထွက်လာတယ်။ ကံလေးများ လိုက် လာတော့ ဘကြီးတိုး ကြံဆ ဆုံး ဖြတ်လိုက်သမျှ အမှားနည်းပြီး အကျိုးအမြတ် ဖြစ်ထွန်းရတာချည်း ပဲ။
ဘယ်သူတွေ ဘာပဲပြောပြော ဒီလို ကံဇာတာမြင့်လာတာက နွားလေး ‘ကောက်ရ’ ကြောင့်လို့ ဘကြီး တိုးက တစ်ထစ်ချ ယုံကြည်လက်ခံ တယ်။ ကြည့်လေ လက်တွေ့အနေ နဲ့ ကောက်ရကို ထမ်းပိုးတင်စခိုင်း ပြီဆိုကတည်းက မခိုမကပ် မဆိုင်း မယုတ်သခင်အလိုကို သိလိုက်သပ ဆိုတာ။ ဒါဟာ ကောက်ရရဲ့ ဘ ကြီးတိုးတို့ မိသားစုအပေါ် ပေး ဆပ်နေတဲ့ ကောင်းကျိုးတွေပဲ မဟုတ်လား။
ဒါကြောင့် ဘကြီးတိုးဆိုတာ လူကိုသာ အထိခံရင်ခံမယ်။ သူ့နွားကောက်ရကိုတော့ နည်းနည်းလေးမှ မထိလေနဲ့။ ဆတ်ဆတ်ထိကိုမခံတာ။ အဲဒီလိုနဲ့ ဘကြီးတိုးကောက်ရကို လက်လွှတ်ဆုံးရှုံးဖို့အကြောင်း ဖန်လာတာက ဘကြီးတိုးရဲ့သား အလတ်ကောင်သန်းညွန့်က ဘကြီးတိုးကို မိန်းမတောင်းခိုင်းလာတယ်။ သမီးရှင်ဘက်ကလည်း လယ်၊ကိုင်းအပြင် နွားတစ်ရှဉ်းပါတင်ဖို့ တောင်းဆိုလာတယ်။ ဒီအထိက ဘကြီးတိုးအတွက် ပြဿနာမရှိသေးပါဘူး။ သားသမီးငါးယောက် အတွက် ထိမ်းမြားခြင်းလျှင်ဆိုတာကို ကန ဦးကတည်းက ကြိုတင်စီစဉ်ပြီးသားကိုး။ ခက်တာက အဲဒီ နွားတစ်ရှဉ်း မှာ ကောက်ရပါရမယ်ဆိုတာပါပဲ။
လယ်သမား၊ ကိုင်းသမားဆိုတာ နွားကောင်းကိုင်ချင်ကြသူတွေ ချည်းပဲ။ ဒါသွေးရိုး သားရိုးမဟုတ်ဘဲ အချစ်တော်ကောက်ရကို လိုချင်လို့ တစ်ဖက်က သမီးနဲ့ ရင်း လိုက်တာလို့ တွေးမိတယ်။ ဒါ ကြောင့် သားဖြစ်သူ သန်းညွန့်ကို နားလည်အောင် ရှင်းပြရတယ်။ ဒီမိန်းကလေးကို လက်လွှတ်လိုက်ဖို့ နားချကြည့်တယ်။ ဒါပေမဲ့ သန်း ညွန့်က လုံးဝ လက်မခံပါဘူး။ မ စိတ်မွှန်တယ်ပဲ ပြောမလား။ သူ့ အဖေကို မရမက နားပူတိုက်ပူ ဆာလာတယ်။ ထမင်းအငတ်ခံပြီး အနုနည်းနဲ့ ဆန္ဒပြတယ်။ ထန်းရည် အရက်သောက်ပြီး အကြမ်းနည်းနဲ့ ပွဲဆူပြတယ်။
နောက်ဆုံး ဘကြီးတိုးတစ်ယောက် သားဆန္ဒကိုပဲ လိုက်လျောလိုက်ရတယ်ဆိုပါတော့။ ကောက်ရနဲ့ ဝေးရတော့မှာမို့ ရင်ထဲမှာ မကောင်းတာတော့ အမှန်ပဲ။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲလေ။ သန်းညွန့် ဆိုတာက ရင်ကဖြစ်တဲ့ သွေးကိုး။
အစပိုင်းလောက်တော့ သားရှိ တဲ့ ရွာကို တကူးတက သွားသွားပြီး ကောက်ရကို အလွမ်းပြေကြည့်တတ်တယ်။ ဒါပေမဲ့ ကောက်ရကို မညှာမတာလယ်ထဲ၊ ကိုင်းထဲ ခိုင်း နေတာ မြင်ရတိုင်း ဘကြီးတိုး ရင်ထဲ မချိလွန်းလို့ နောက်တော့ သွားမကြည့်မိအောင်နေတယ်။ သားဖြစ်သူကို ပြောဆိုဆုံးမလို့ ရနိုင်ပေမယ့် သားရဲ့ ယောက္ခမ၊ သူ့ရဲ့ ခမည်း ခမက်ဖြစ်သူ သူစိမ်းတစ်ရံကိုတော့ ဘကြီးတိုး ဘယ်လိုပြောလို့ ဖြစ်နိုင်မှာလဲ။ ပြီးတော့ ကောက်ရက သူ့ရဲ့ ကောက်ရမဟုတ်တော့ဘူးလေ။
ဘယ်လောက်ထိ ကြာသွားသ လဲဆိုရင် သန်းညွန့်သား သုံးယောက်ရတဲ့အထိ ဘကြီးတိုး သန်းညွန့်ဆီ မသွားဘဲ သန်းညွန့်တို့ မိသားစုတွေသာ သူ့ဆီလာကြတာ။ ကောက်ရသတင်းကိုတော့ သန်းညွန့်လာတိုင်း ဘကြီးတိုးမေးတတ်တယ်။
တစ်နေ့တော့ ဘကြီးတိုး ကောက်ရကို ထူးထူးခြားခြား သတိရနေမိတယ်။ ပြေးတွေ့ချင်တဲ့ စိတ်ကလည်း တားမနိုင်ဆီးမရ အလွန် ဖြစ်မိတယ်။ ဒါနဲ့ လုပ်လက်စ အ လုပ်တွေထားခဲ့ပြီး ခြေလျင်ပဲ ထွက်ခဲ့လိုက်တယ်။ သန်းညွန့်နေတဲ့ ရွာ က သရက်သုံးပင်နဲ့ဆို ခြောက်နာရီလောက် ခပ်တင်းတင်းလျှောက်ရ တာ။
ရွာရောက်တော့ ခရီးပန်းလို့ မောရတဲ့အထဲ မြင်လိုက်ရတဲ့ မြင် ကွင်းကြောင့် ဘကြီးတိုး အမောဆို့ သွားတယ်။ ကြည့်လေသန်းညွန့်က အိုမင်းမစွမ်းဖြစ်နေတဲ့ ကောက်ရ ကို နွားသတ်သမားရဲ့ လက်ထဲ ထည့်နေတာ။ ဘာပြောကောင်းမ လဲ ဘကြီးတိုးတစ်ယောက် မောက လည်းမော၊ ဒေါသကလည်း ထွက် နဲ့ နီးရာ ရေထမ်းထမ်းပိုးဆွဲပြီး ဘာ မပြော၊ ညာမပြောနဲ့ သန်းညွန့်ကို တွယ်လိုက်တာ ချွေးမကြားက ဝင် အရိုက်ခံမှ အရိုက်ရပ်တယ်။
”မလုပ်ပါနဲ့ အဖေရယ်၊ သမီး တောင်းပန်ပါတယ်။ ကိုသန်းညွန့် အကြိမ်ကြိမ်စဉ်းစားပါသေးတယ်။ ဒါပေမဲ့ မနေ့က အဖေ့မြေးမ အကြီး လေ မန်ကျည်းရွက်တက်ခူးရင်း ပြုတ်ကျတာ။ ခု ကျီးသဲ ဆေးရုံတင် ထားရတယ် အဖေ။ ခြေထောက်ကျိုး တယ်တဲ့။ စတီးရိုးထည့်ရမယ်တဲ့ အဖေရဲ့။ ဒါကြောင့်ပါ အဖေရယ် ကိုသန်းညွန့်နဲ့ သမီးတို့ကို ခွင့်လွှတ် ပါ ဟီး ဟင့် ဟင့်”
ဘကြီးတိုးချက်ချင်းငိုင်ကျ သွားတယ်။ ဘာများပြောလို့ရဦးတော့မှာလဲ။ စိတ်မကောင်းခြင်းကြီးစွာနဲ့ပဲ ကောက်ရကို လှမ်းကြည့်တော့ အလို ကောက်ရက ဘကြီးတိုးကို တွေတွေကြီး စိုက်ကြည့်နေ တယ်။ ဘကြီးတိုးစိတ်အထင် ကောက်ရမျက်လုံးနှစ်လုံးက မျက်ရည်ကြည်တွေ ရစ်ဝိုင်းနေသလိုပဲ။ ဘကြီးတိုး ကောက်ရကို ဖက်ပြီး ငို မိတဲ့ အထိပဲ။
”ကောက်ရ သားကြီး မင်းဝဋ်ကြွေးတွေ ကျေပါပြီ သားကြီးရယ်၊ နောက်ဘယ်တော့မှ ငါတို့ဆီ ပြန် မလာပါနဲ့တော့၊ မင်း တာဝန်တွေ ကျေပါပြီ သားကြီးရယ် ကျေပါပြီ”
ကောက်ရက သေသည်အထိ သူ့အပေါ် အလုပ်အကျွေးပြုသွားတဲ့ ကောင်ကြီးပါ။ သူကတော့ ကောက်ရကို ဘာတစ်ခုမှ မကယ်တင်လိုက်နိုင်တာ ရင်နာလို့မဆုံးဘူး။ ငါ့ကို ခွင့်လွှတ်ပါ ကောက်ရ ရယ်လို့သာ တတွတ်တွတ် ပြောရုံ ကလွဲ၍ ဘကြီးတိုး ဘာမှ မတတ်နိုင်ခဲ့ပါဘူး။
”ကောက်ရ” ဇာတ်လမ်းဆုံးတော့ ဘကြီးတိုးက မျက်ရည်ကို အသာတို့ပြီး သုတ်တယ်။ ဒါလည်း ဒီဇာတ်လမ်းဆုံးတိုင်းဖြစ်နေကျ ဘကြီးတိုးရဲ့ ပုံစံပါပဲ။ လူသစ်ကွမ်းယာ သည်ကတော့ ဘကြီးတိုးရဲ့ ကောက်ရဇာတ်လမ်းမှာ မျောသွား တယ်တူရဲ့။ သူ့မျက်နှာက စိတ်မကောင်းဟန်အပြည့်။
ကျွန်တော်တို့လည်း ကောက်ရဇာတ်လမ်းစကြားခါစက ဒီလိုပဲမျက်ရည်ဝဲမိကြတာပါပဲ။ အဟိတ် တိရစ္ဆာန်တစ်ကောင်ရဲ့ ပေးဆပ်ရတဲ့ ဝဋ်ကြွေးကိုလည်း သံဝေဂ ရမိတယ်။ ခုတော့ ကြားရပါများလွန်းလို့ ထုသား၊ ပေသား ကျသွားခဲ့ပြီ။ ဘာမှ မခံစားရတော့ပါဘူး။
နောက်ရက် ပွဲတော်ရက်ကြီးပိုင်းတွေကျတော့ ကျွန်တော်တို့ လက်ဖက်ရည်ကြမ်းဝိုင်း မဖွဲ့နိုင်ကြတော့ပါဘူး။ ကိုယ်စီ၊ ကိုယ်စီ ကိုယ့်ဆိုင်နဲ့ ကိုယ်ရောင်းရေး၊ ဝယ်တာ နဲ့ပဲ အလုပ်ရှုပ်နေကြရတယ်။
အဲ ပွဲတော် နောက်ဆုံးရက် လပြည့်နေ့မှာတော့ ကျွန်တော်လည်း အရှုံး၊ အမြတ် အသားတင် ငွေ စသည့်တွက်ချက်ပြီး စိတ်အေး သွားသည့် တစ်ခဏ၊ မိတ်ဆွေတွေ ရဲ့ အမြတ်စာရင်းကိုလည်း စပ်စု ချင်တာလည်းပါတာနဲ့ ဘကြီးတိုး ဆိုင်ဘက် အရင်ဦးဆုံးထွက်ခဲ့လိုက် တယ်။
ည (၁၂) နောက်ပိုင်းဆိုပေ မယ့် ဘကြီးတိုးဆိုင်က စားသုံးသူ တွေနဲ့ လူပြည့်တုန်း။ ဘကြီးတိုးက ကျွန်တော့်ကို မြင်တော့ ထွက်ပြီး ဧည့်ခံတယ်။
”ကဲ..မောင်ရင် ဘာစားမလဲ၊ ကြုံတုန်း ဘကြီးတိုး ကျွေးပါရစေ ကွာ၊ ပြော ဘာစားမလဲ”
”နေပါ ဘကြီးတိုးရဲ့၊ မစားပါ ရစေနဲ့၊ ဘကြီးဆိုင်ကတော့ နောက်ဆုံးပိတ် အိတ်နဲ့လွယ် စည်ကားနေလိုက်တာဗျာ” ကျွန်တော့် စကားကြားတော့ ဘကြီးတိုးက ရယ် တယ်။
”မင်းလည်း သိသားနဲ့၊ တစ်ဝက်လောက်က ငါ့ မိသားစုတွေဆို တာ၊ ဟား ဟား ဟား”
”အင်း ဘကြီးတိုးပြောမှ သတိထားမိတယ်။ ဟို စားပွဲထိုးနေတဲ့ ခပ်ငယ်ငယ် ချာတိတ်တစ်ယောက် က အရင်မမြင်မိပါဘူး။ ဘကြီးတိုး မိသားစုထဲကပဲလား”
ကျွန်တော်ပြတဲ့ တစ်ယောက်ကို ဘကြီးတိုးက လှမ်းကြည့်တယ်။ ချာတိတ်က သွက်သွက်လက်လက်၊ ချက်ချက်ချာချာနဲ့ လုပ်ကိုင်နေလိုက် တာ ဖင်ပေါ့သလား မမေးနဲ့။
”အဲဒါ ပြောမလို့ကွာ၊ မင်းတို့ဆီလည်း မရောက်လို့ဟေ့ အဲဒီကလေးက လဆန်း (၁၂) ရက်နေ့က ရောက်လာတာ၊ ပေါက်ခေါင်းက လို့ ပြောတယ်ကွ တစ်ကောင်ကြွက် ပဲ ပြောပါတော့ကွာ။ ပထွေးနဲ့ ရန် ဖြစ်ပြီး အိမ်ပေါ်က ဆင်းလာတာ ငါ့ဆိုင်ရောက်လာပြီး ထမင်းတစ်နပ် လောက်ကျွေးပါ ဘကြီးရယ် မစား ရတာ (၂) ရက်ရှိပါပြီ။ ပြီးတော့ ခိုင်းချင်တာလည်း ခိုင်းပါတဲ့။ ငါလည်း လူပုံပန်းကြည့်ပြီး သနားတာနဲ့ ကဲ မင်းအဆင်ပြေတဲ့အထိ ငါ့ဆိုင်မှာ နေနိုင်တယ်လို့ ခွင့်ပြုလိုက်တာဟေ့၊ သွက်သလားတော့ မပြော နဲ့ ဟကောင်ရ၊ ခုလို လူကျပုံမျိုးနဲ့ ဒီကောင်လေးသာ မရောက်လာရင် မလွယ်ဘူး။ တကယ်တော်တဲ့ ကောင်လေးကွာ၊ ငါ့ရဲ့ ဒုတိယကောက်ရပဲဟေ့၊ ငါ့ကို အကျိုးပြုမယ့် ဒုတိယ ကောက်ရ ဆိုပါတော့ကွာ၊ ဟား ဟား ဟား”
တစ်နှစ်ပြီးတစ်နှစ်ဆိုတဲ့ အချိန် တွေက မြန်လွန်းလှတယ်။ မိမိကိုယ် ကိုယ် အသက်တစ်နှစ်ပိုပြီး ကြီးသွား တယ်ဆိုတာသာ အမှတ်မထားမိ ရင်ရှိမယ်။ ရွှေနတ်တောင် တပေါင်း ပွဲဈေးကြီး ပြီးသွားတာ မနေ့၊ တစ် နေ့ကလိုပဲလို့ ထင်မှတ်ရတုန်း။ ဟော ခု တပေါင်းရောက်လို့ ပွဲဈေး ပြန်စတော့မှာပါလား။
ဒီနှစ်တော့ ကျွန်တော်ပွဲတော် တက်တဲ့ရက်က မနှစ်ကထက် ပို နောက်ကျသွားတယ်။ ပွဲရက်တွေက ဆက် လူကလည်း ပွဲပန်းတာနဲ့မို့ တပေါင်းပွဲကို ပွဲတော်စရက် လဆန်း (၈) ရက်နေ့မှပဲ ကူးလာဖြစ်တော့ တယ်။
ကားပေါ်က ပစ္စည်းတွေ လူ ငှားနဲ့ သယ်ချနေတုန်း မျက်စိက ဘကြီးတိုးဆိုင်ဘက် အကြည့်ရောက် တယ်။ အလို ထူးဆန်းလိုက်တာ။ ဘကြီးတိုးဆိုင်က ဘာမှ မပြင်ဆင် ရသေးဘူး။ နှစ်တိုင်း လဆန်း(၂)၊ (၃) ရက်လောက်ကတည်းက အားလုံး ပြင်ဆင်ပြီး ရောင်းချနေပြီဖြစ် တတ်တဲ့ ဘကြီးတိုး မဟုတ်လား။ ဘယ်လိုကြောင့်များ ဒီနှစ်ဒီလောက် ထိ နောက်ကျနေရပါလိမ့်။ ဆိုင်နေ ရာကျလျှင်တော့ ဘကြီးတိုးဆီ သွားဦးမှပါလို့ ကျွန်တော် စိတ်ထဲ တေးထားလိုက်တယ်။
ညနေ နေမဝင်မီလေးမှာပဲ ကျွန်တော့်ဆိုင်က နေရာကျသွား တယ်။ ကျန်တဲ့ တိုလီမုတ်စ အလုပ် ကလေးတွေကို ပစ်ထားခဲ့ပြီး စိတ် ဝင်စားမိတဲ့ ဘကြီးဆိုင်ဘက်ထွက် လာခဲ့လိုက်တယ်။ ဒါပေမဲ့ ဘကြီးတိုးက သူ့ဆိုင်မှာ ရှိမနေဘူး။ ဆိုင်အသုံးအဆောင်ပစ္စည်းတွေကတော့ ဟိုနေရာတစ်စု၊ ဒီနေရာတစ်စုနဲ့။ အင်းခုလို မြင်ရလေ ကျွန်တော် ဘကြီးတိုးကို စိတ်ဝင်စားမိလေပါ ပဲ။ ခုလို နေရာမကျဘဲ ဘကြီးတိုး ဘယ်တုန်းက မျက်နှာလွှဲခဲပစ် လုပ်ထားခဲ့ဖူးလို့လဲ။ ဘကြီးတိုး သက်ရှိ ထင်ရှားမှ ရှိနေသေးရဲ့လားဆိုပြီး လည်း တွေးမိပြီး ရင်လေးသွား တယ်။
”ဗျို့ ကိုမြင့်သော်၊ ခင်ဗျား ဆိုင်ဘေးက ဘကြီးတိုးဘယ်သွား လဲဗျာ၊ သူပါလာတာရော ခင် ဗျား မြင်မိလိုက်သေးလား”
ဘကြီးတိုးဆိုင်ဘေးက ကြံ ရည်ဆိုင် ကိုမြင့်သော်ကို မေးကြည့် လိုက်တော့။
”တွေ့လိုက်ပါတယ် အစ်ကို ရ၊ အစောပိုင်းလေးကပဲ၊ အင်း ခုတော့ ပေါက်ခေါင်းဈေးသည်တွေဆီ သတင်းစုံစမ်းရအောင်ဆိုလား ထွက်သွားတာပဲ”
တော်ပါသေးရဲ့ ဘကြီးတိုး သက်ရှိထင်ရှားရှိနေသေးတာပဲ။
”ဒါနဲ့ ဘာကိစ္စ ပေါက်ခေါင်း ဈေးသည်တွေဆီ သွားရတာပါလိမ့်၊ သူ့ဆိုင်ကိုလည်း ဘာမှ မပြင်ဆင် ရသေးဘဲနဲ့”
”ဟာ အစ်ကို မသိသေးဘူး ထင်တယ်။ ဒီလိုဗျ မနှစ်က ဘကြီးတိုး ခေါ်ထားပြီး မွေးစားထားတဲ့ ကောင်လေးလေဗျာ၊ မှတ်မိလား အဲ ဒီကောင်လေးက ဘကြီးတိုး မြေးမ ကို ခိုးသွားတယ်ဗျ”
ကိုမြင့်သော် စကားကြား တော့ ကျွန်တော် မျက်လုံးပြူးသွားတယ်။
”လူကိုတင် ခိုးတာမဟုတ်ဘူး အစ်ကိုရ။ ဘကြီးတိုး အိုစာ၊ မင်း စာစုထားတဲ့ ရွှေထည်၊ ငွေထည်လေးတွေပါ ပါသွားတာ မနည်းဘူးတဲ့လေ၊ အဲဒါ သဲလွန်စ လိုက်ရှာ နေကြတာဗျို့”
ဘုရား၊ ဘုရား ကြားလိုက်ရ တဲ့ ဘကြီးတိုး သတင်းက တစ်စက်ကလေးမှ ကောင်းစရာမရှိပါလား။ ဖြစ်မှဖြစ်ရလေ ဘကြီးတိုးရယ်။ ”ခြေနှစ်ချောင်း မကယ် ကောင်း” ဆိုတာလည်း ဘကြီးတိုးလို အယူသည်းတတ်တဲ့သူတွေ သိရက်သားနဲ့။ ဘယ်ကမှန်းမသိ၊ ဘယ်သူမှန်းမသိတဲ့ လူကိုမှကယ်မိတာကိုး။ အင်း ဟိုချာတိတ်ကလည်း ကျေးစွပ်လိုက်တာက ကန်းကုန်။ ဘကြီးတိုးခမျာ ဒုက္ခပါပဲ။
ကျွန်တော် စိတ်မကောင်းခြင်း ကြီးစွာနဲ့ပဲ ကိုယ့်ဆိုင်ကိုယ်ပြန်လာလိုက်တယ်။ နှစ်စဉ် လက်ဖက်ရည် ကြမ်းဝိုင်းဖွဲ့နေကျ နေရာလေးရောက်တော့ စိတ်က တစ်စုံတစ်ရာ ကို သွားတွေးမိတယ်။
”အင်း ဒီနှစ် ဘကြီးတိုးဆီက နှစ်စဉ်ကြားနေရတဲ့ ‘ကောက်ရ’ ဇာတ်လမ်းလေးမှ ကြားရပါတော့မလား၊ ထုံးတမ်းစဉ်လာတွေ ပျက် တော့မယ်နဲ့ တူပါရဲ့လေ”
မှူးဆက်ပိုင်(ရွှေတောင်)

No comments: