Saturday, March 17, 2012

မတ်လ 2012 တွင် Teen မဂွဇင်းမှာ ဖော်ပြခံရသော ကျွန်တော့်ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပါ။ ဖတ်ရှုဝေဖန် အကြံပြုပေးကြပါဦး။

အရောင်ပြောင်းသော လက်ဖက်ရည် PDF Print E-mail
Written by မှူးဆက်ပိုင်
Friday, 16 March 2012 16:51
Share |

မိုးက တဖွဲဖွဲ ရွာနေသည်။ ဆောင်းတွင်းကြီး မိုးရွာတာ ကျွန်တော် ဒီတစ်ကြိမ်ပဲ တွေ့ဖူး၏။ ရာသီ ဥတုတွေက ဖောက်ပြန်နေသည်။

“အင်း၊ လူတွေကလည်း အကျင့်၊ သီလ၊ သိက္ခာတွေ ဖောက်ပြန်၊ ရာသီ ဥတုကလည်း ဖောက်ပြန်”

ဆရာ ဦးမိုးမြင့်သည် လက်ဖက်ရည်ဆိုင် အပြင်ဘက်သို့ ငေးမောစွာ ကြည့်ရင်း တွေးတွေးဆဆဖြင့် ခေါင်းတညိတ်ညိတ် လုပ်နေသည်။ ကျွန်တော် ဆရာ့အတွက် လက်ဖက်ရည်ကြမ်း တစ်ခွက် ငှဲ့ပေးမိ၏။ တစ်ဆက်တည်း ကောင်လေး တစ်ယောက်အား ဆရာ့အတွက် ၀မ်းတီးဟု လှမ်းမှာလိုက်သည်။

“ဟာ၊ ဟေ့ ဟေ့ကလေး မဖျော်နဲ့ မဖျော်နဲ့၊ မသောက်သေးဘူးကွဲ့။ မဖျော်နဲ့”

ဆရာက ပျာပျာသလဲလဲ လှမ်းတာသည်။
“သောက်ပါဆရာ။ ဆရာ့ကို အခုလိုကြုံလို့ ကျွန်တော် တိုက်ခွင့်ရတာ၊ တကူးတက တွေ့ရဖို့ လွယ်လှတာ မဟုတ်ဘူး”

“အေးပါကွယ် ဆရာလည်း ခုလိုကြုံလို့ မသောက်တာပါ။ ခုလို့ကြုံလို့ မသောက်ပေမဲ့ ခုလိုကြုံလို့ မင်းကို ထီရောင်း ရဦးမယ်။ မင်းတိုက်တဲ့ လက်ဖက်ရည် သောက်ပြီး မင်းကို ထီရောင်းလို့ ဘယ်ဖြစ်မလဲ။ အဲဒီတော့ မင်းထီထိုး။ လက်ဖက်ရည်တော့ မသောက်တော့ဘူး”

“ဟာ ဆရာကလည်း မဟုတ်တာ၊ ဆရာ့ကို လက်ဖက်ရည်လည်း တိုက်ပါ့မယ်။ ထီလည်း ထိုးပါ့မယ်ဆရာရယ်။ လက်ဖက်ရည်တော့ သောက်ပါဦး ဆရာ”

ဆရာက ခေါင်းတခါခါ၊ လက်တကာကာဖြင့် ဇွတ်ငြင်းဆန်သည်။
“မောင်မင်းမင်း မလုပ်နဲ့ မမှာနဲ။ အဲဒါ ဆရာရဲ့ စည်းတစ်ခုပါ။ တပည့်တွေဆီ တကူးတက ရောက်လာပြီး ဆရာ လက်ဖက်ရည် မသောက်ပါရစေနဲ့။ မင်းဆီ ၀င်လာတာ ထီရောင်းဖို့ သက်သက်ပါ။ ဆရာ ရောင်းတဲ့ ထီကို ထိုးရင် ဆရာ့ကို လက်ဖက်ရည်တိုက် ပြုစုတာနဲ့ အတူတူပါပဲ”

ကျွန်တော် ဘယ်လိုပင်ပြောပြော ဆရာက လက်ခံမည်မဟုတ်။ ဆရာ့ စိတ်ကို ကျွန်တော်သိသည်။ ထို့ကြောင့် ဆရာ့ထံမှ ထီတစ်တွဲကိုသာ ကျွန်တော် အားပေးလိုက်သည်။
“အေးကွာ ငါ့တပည့် အခုလို ဆရာ့ကို အားပေးတဲ့ အတွက် သိန်းဆုကြီး ပေါက်မှာပါ။ ပေါက်ပါစေလို့လည်း ဆရာက ဆုတောင်းပါတယ်။ ကဲ မောင်မင်းမင်းရေ အချိန်ရှိတုန်း ဆရာမြို့ထဲ ပတ်လိုက်ဦးမယ်ဟေ့။ ထိုင်နေရစ်ဦးကွယ်”

ပြောပြောဆိုဆိုဖြင့် ဆရာက မိုးရွာထဲ စက်ဘီးစုတ်ကလေးနင်း၍ ထွက်သွားလေသည်။ ဆရာ့ကျောပြင်ကို ကြည့်ငေးရင်း ကျွန်တော် စိတ်အစဉ်က ဟိုးငယ်စဉ် အလယ်တန်းကျောင်း ဘ၀သို့ ပြန်ရောက်သွား၏။ ဆရာနှင့် ကျွန်တော့်၏ အတိတ် ကာလများသည် ဘီလူးဆိုင်း တီး၍ တဖြည်းဖြည်း ရုပ်လုံး ပေါ်လာခဲ့သည်။

အချိန်ကား ၁၉၉၅ ခုနှစ်ဖြစ်၏။ နေရာကား ကြို့ပင်ကောက်မြို့ အာဆီယံ အ.လ.က ၂ ဖြစ်သည်။ ထိုကျောင်းလည်း စည်းကမ်းသေ ၀ပ်၍ ပညာထူးချွန်သော ကျောင်းတစ်ကျောင်း အဖြစ် နာမည်ကြီးသည်။ ထိုနာမည်ကြီးခြင်း၏ အခရာသည်ကား ကျောင်းအုပ်ဆရာ၊ ဆရာ ဦးမိုးမြင့်ပင် ဖြစ်၏။

“အာဆီယံဦးမိုးမြင့် ဟေ့” ဆိုလျှင် တစ်မြို့ လုံးရှိ ကျောင်းသားမိဘတိုင်းက သိကြသည်။ စည်းစနစ်ကြီးပြီး အသင်အပြကောင်းသူဖြစ် သောကြောင့်လည်း မိမိတို့၏ သားသမီးများကို ဦးမိုးမြင့်၏ အာဆီယံကျောင်းတွင်သာ ထားချင် ကြသည်။ ထို့ကြောင့် အာဆီယံကျောင်းသည် ကျောင်းသားအရေအတွက် ကန့်သတ်၍ လက်ခံ လိုက်ရသည်အထိ ဂုဏ်သတင်းကြီးလှသည်။

နံနက် ၈ နာရီထိုးလျှင် ကျောင်းသားများ အားလုံး နိုင်ငံတော် သီချင်းဆို၍ နိုင်ငံတော် အလံအား အလေးပြုရန်အလံတိုင်ရှိရာ ကျောင်း ရှေ့ကွင်းပြင်သို့ စီတန်းထွက်ကြရ၏။ ထိုသို့ အလေးပြုရာ၌ပင် ဆရာက ကျောင်း သားများအား ကြိုတင်လေ့ကျင့်ပေးပြီး ဖြစ် သည်။ ဆရာ၏ လေ့ကျင့်နည်းမှာ နံနက်ခင်း ရေဒီယိုတွင်လာသော နိုင်ငံတော် သီချင်းအား တိတ်ခွေဖြင့် အသံဖမ်းလာ၍ ကျောင်းရှိ အခန်း တိုင်းကို တစ်ခန်းဝင်၊ တစ်ခန်းထွက်ဖြင့် ရေဒီယိုအား ဖွင့်ပြပေး၏။

ကျွန်တော်တို့အားလုံး မူလတန်းကျောင်း သားဘ၀က အဖြတ်အတောက်၊ အဆွဲအငင်မရှိ စာသားအတိုင်းသီဆိုနှုတ်ကျိုးခဲ့သော သီချင်းကို ဆရာက သံစဉ်မှန်အောင်ပြင်ပေးသည်။
“မင်းတို့က တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ တို့ပြည် တို့မြေ၊ အဲဒီတို့ပြည် တို့မြေကို တစ်ဆက်တည်း မဆိုရဘူး။ ကဲ နားထောင် ဆရာ ကက်ဆက်ဖွင့်ပြမယ်”

ဆရာက ကက်ဆက်ခလုတ်ကို နှိပ်ပြီး နိုင်ငံတော် သီချင်းအား ဖွင့်ပြသည်။
“ကဲ ကြားလား။ အသံက အနိမ့်အမြင့်ရှိ တယ်။ တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ တို့ပြည် တို့မြေ အဲဒီမှာ တို့ပြည်လို့ဆိုပြီးရင်

“တိန်...တိန်...တိမ်”ဆိုပြီး သံစဉ်တစ်ခု လာတယ် ကြားလား။ ပြီးမှတို့မြေ တစ်ဘား စောင့်ရတယ်။ ခဏရပ်ရတယ်လို့ ပြောတာ။ ကဲ ဆရာက မင်းတို့ကို ရှေ့ကလက်နဲ့ သင်္ကေတပြ မယ်။ ဆရာ့လက်အပေါ်မြှောက်ရင် မင်းတို့အသံ ကို တင်ရမယ် ။ အောက်ကိုချရင် အသံနှိမ့်ရမယ်။ ကဲ ကက်ဆက်လည်း ဖွင့်ထားမယ်။ ကက်ဆက်နဲ့ အတူ မင်းတို့လည်း ညီအောင်လိုက်ဆိုကြ”

ထိုကဲ့သို့ နားစွဲအောင် ဆရာက အကြိမ်ကြိမ် လေ့ကျင့်ပေး၏။ တစ်ကြိမ်ဆို၍ မညီလျှင် ဆရာက-
“အများနိုင်ငံတွေမှာ လူပေါင်းသန်းနဲ့ ချီပြီး သူတို့နိုင်ငံတော်သီချင်းကို သီဆိုအလေးပြုတာ ဘာစည်းဝါးမှ တိုင်စရာ မလိုဘူး။ အော်တိုညီပြီး သား။ မင်းတို့က ခုတစ်တန်းမှ လူပေါင်း ၇၀ လောက်ပဲ ရှိတာ။ ဘာလို့ မညီရမှာလဲ။ ကဲပြန် လေ့ကျင့်ရအောင်”

နိုင်ငံတော်သီချင်း သီဆိုခြင်းအား ကျွန်တော်တို့ ကျောင်းဖွင့်ဖွင့်ချင်း တစ်ပတ်မျှ ကြာသည့်အထိ ကာယအချိန်တိုင်း လေ့ကျင့်ကြရ ၏။ ဆရာစိတ်တိုင်းကျပြီဆိုမှ အတန်းအားလုံး ပေါင်း၍ ကျောင်းရှေ့ကွင်းပြင်ထွက်ကာ သီဆို ရင်းနိုင်ငံတော်အလံအား အလေးပြုစေသည်။ ကျွန်တော်တို့ မနက်ခင်းသီချင်းဆို အလေးပြုတိုင်း ကျောင်းရှေ့ဖြတ်သွား၊ ဖြတ်လာ လူတိုင်းက ရပ် ကြည့်နားထောင်ရလောက်သည့်အထိ ကျွန်တော်တို့ ကျောင်းသားပေါင်း ၃၀၀၀ ကျော်လောက်၏ အသံက ညီညာ၍ တစ်သံတည်းဖြင့် နားဝင်ချိုစေ သည်။

သတိဆွဲ၍ နိုင်ငံတော်သီချင်းဆိုစဉ် နည်း နည်းလေးမျှ မလှုပ်ရပါ။ လှုပ်သည်ကို ဆရာမြင် လျှင် ဆရာက မှတ်ထားပြီး နောက်မှ အပြစ်ပေး လေ့ရှိ၏။ ထို့ပြင် ကျောင်းနောက်ကျ၍ ကျောင်း ပြင်မှ နိုင်ငံတော်သီချင်း သီဆိုသံကြားလျှင်လည်း ကြားသည့်နေရာတွင် ရပ်၍ သတိ ဆွဲထားရ သည်။ ထိုသို့ မရပ်မိလျှင် ဆရာက တွေ့သည့် နေရာ၌ ထိုင်ထ လုပ်ခိုင်း၍ အပြစ် ပေးတတ်သည်။

ထိုနေ့က ကျွန်တော် ကံဆိုးသည့်နေ့ ဖြစ်သည်။ ကျောင်းဆင်းခါနီး အချိန်ကျမှ အပေါ့သွား ချင်လာသဖြင့် ကျောင်းအိမ်သာမှာ အပေါ့သွားပြီး ပြန်အလာ ကျောင်းဆင်းခေါင်းလောင်း ထိုးသံ
နှင့်အတူ စာသင်ခန်းတိုင်း နိုင်ငံတော် သီချင်းဆိုသံကို ကြားလိုက်ရသည်။ အိမ်ပြန်ချင် ဇောဖြင့် ကျွန်တော် နေရာတွင် ရပ်မနေမိ။ အခန်းသို့ ခြေ ကုန်သုတ်၍ ပြေးသွားမိသည်။ ဤသည်ကို ဆရာ ဦးမိုးမြင့်က သူ့ရုံးခန်းမှ နေ၍မြင်မိအောင် မြင်လိုက်သည်။

နောက်နေ့တွင် ကျွန်တော့် အခန်းသို့ ရောက် လာပြီး ကျွန်တော့်အား ကိုယ့်နားရွက် ကိုယ်ဆွဲကာ ကျောင်းတစ်ပတ် ပတ်စေပြီး အပြစ်ပေး၏။ ဤသည်ကား ဆရာဦးမိုးမြင့်နှင့် ကျွန်တော် ထိပ် တိုက်တွေ့ရသည့် ပထမဦးဆုံး အကြိမ်ပင် ဖြစ်သည်။

ဆရာသည် ကျောင်းအုပ်ကြီး ဖြစ်သော် လည်း အဋ္ဌမတန်း သချာင်္ဘာသာရပ်ကို ကိုယ် တိုင်ဝင်သင်၏။ ဆရာ၊ ဆရာမ ဦးရေနည်း၍ မဟုတ်ပါ။ ဆရာကိုယ်တိုင်က သင်ကြားရေးကို စိတ်ပါဝင်စားလွန်း၍ ဖြစ်ပါသည်။ ကျွန်တော် အဋ္ဌမတန်း ရောက်တော့ ဆရာနှင့် ထိတွေ့ရတော့သည်။ ဆရာ၊ ဆရာမတိုင်းသည် စာတော်သော ကျောင်းသားနှင့် ဆိုးသွမ်းသော ကျောင်းသားများကိုသာ ပို၍ ဂရုထားမိတတ်ကြ ပါသည်။ ကျွန်တော်သည် ဒုတိယအမျိုးအစား ထဲ၌ပါသော ကျောင်းသားတစ်ယောက် ဖြစ် သည်။

ထို့ကြောင့် ဆရာသည် မင်းမင်းဆိုသော ကျွန်တော့်အား အထူး မိတ်ဆက်စရာ မလိုဘဲနှင့် ထူးထူးခြားခြား မှတ်မှတ်ရရကို သိရှိနေတော့၏။ ဆရာ့ကြိမ်လုံးနှင့် ကျွန်တော်သည် စာမေးပွဲ ကျ၍သော်လည်းကောင်း၊ ကွမ်း၊ ဆေးလိပ် ခိုးစား ခိုးသောက်၍သော် လည်းကောင်း၊ ရန်ဖြစ်၍ သော်လည်းကောင်း အမြဲထိတွေ့နေရတော့သည်။

တစ်ကြိမ်မှ နှစ်ကြိမ်၊ နှစ်ကြိမ်မှ သုံးကြိမ်။ ထို့ထက် အကြိမ်ရေများလာသောအခါ ဆရာ ကျွန်တော့်ကို ပို၍အလေးထားလာတော့သည်။ နောက်ဆုံး တစ်နေ့သောနံနက်ခင်း ကျောင်းမ တက်မီ အချိန်၌ ဆရာသည် ကျွန်တော့်အား သူ့ ရုံးခန်းထဲသို့ ဆင့်ခေါ်လိုက်တော့သည်။

ဆရာ ကျွန်တော့်အား မည်သို့ အပြစ်ပေး မည်မသိ။ ကျွန်တော့် စိတ်တွင်တော့ ဆောက် တည်ရာမရ။ ကြောက်ဒူးတွေ တဆတ်ဆတ်တုန် လျက်ရှိနေလေတော့သည်။

“အစ်ကို့ စာကြည့်ခန်းလေးက သေသေ သပ်သပ်နဲ့ စာအုပ်တွေကလည်း စုံလိုက်တာ။ ဖတ်ချင်စရာ စာအုပ်ကောင်းတွေချည်းပဲ။ ကျွန်တော် သဘော ကျလိုက်တာ”
လုပ်ဖော်ကိုင်ဖက် ညီငယ်ဝင်းသိန်း၏ ပြောစကားကြောင့် ဖတ်လက်စ ဥပဒေစာအုပ်အား စာမျက်နှာ နံပါတ်မှတ်၍ စားပွဲပေါ် တင်လိုက်ပြီး-
“မင်းဖတ်ချင်ရင် လာဖတ်ပေါ့ကွ၊ အိမ်တော့ မငှားနိုင်ဘူး မောင်။ ငါ့စည်းကမ်းက အိမ်ကို ဘယ်တော့မှ စာအုပ်မငှားဘူး။ မင်း ဖတ်ချင် ဒီလာဖတ်။ ထမင်းလည်း ကျွေးမယ်။ လက်ဖက်ရည်လည်း တိုက်မယ်”

ဝင်းသိန်းက ကျွန်တော့် စာအုပ်စင်မှ စာအုပ်များကို ခပ်ဖွဖွလှန်လှော် ကြည့်ရင်း ရယ်ဟဟဖြင့်-
“မငှားပါဘူး အစ်ကိုရာ၊ မငှားပါဘူး။ ဒါပေမဲ့ အစ်ကို့ရဲ့ လျှို့ဝှက်ချက် ကို ကျွန်တော် သိလိုက်ရပြီ”

“ဟ လုပ်စမ်းပါဦး။ ငါ့ရဲ့ ဘာလျှို့ဝှက်ချက်လဲ။ ငါ့ကိုယ်ငါတော့ ဘာမှလျှို့ဝှက်ထားတာ မရှိပါဘူး”

“သြော် အစ်ကိုအလုပ်မှာ အောင်မြင်နေတာ ဒီစာကြည့်ခန်းက စာအုပ်တွေ ကြောင့်ဆိုတဲ့ လျှို့ဝှက်ချက်ကို သိလိုက်ရလို့လေ”

ဝင်းသိန်း၏ မြှောက်ပင့်စကားကြောင့် ကျွန်တော် သဘောတကျ ပြုံး မိ၏။
ကျွန်တော့် လုံ့လ၊ ၀ီရိယကြောင့် ကျွန်တော် အောင်မြင်မှု ရခဲ့သည်ပဲ။ အင်း ၀င်းသိန်းပြောသလို စာပေ လေ့လာဖတ်ရှုခြင်းကိုတော့ အလုပ်ကြောင့် တကူးတကန့် ဖတ်သည်မဟုတ်။ ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါ လာခဲ့၍ မဖတ်ရမနေနိုင်စွာ စာမျိုးစုံကို အာသာငမ်းငမ်း ဖတ်မိသည်ကတော့ အမှန်။

“မင်းပြောပုံက ငါ စာဖတ်လို့ အလုပ်မှာ အောင်မြင်လာတယ်ပေါ့ ဟုတ်လား”

“မြေကြီး လက်ခတ်မလွဲပေါ့ အစ်ကိုရာ။ ဒါကြောင့် အလုပ်မှာ အချေ အတင်ပြောကြတဲ့ အခါ အစ်ကို့ စကားလုံးတွေက မြောက်နေကြတာ ဒီစာ အုပ်တွေကြောင့်ပေါ့။ ဘာလဲ အစ်ကိုက ငြင်းချင်လို့လား”

ဝင်းသိန်း စကားတွေက ကျွန်တော့်ကို တွေဝေသွားစေသည်။ ကျွန်တော့် ကို အကျိုးပြုနေသည့် စာဖတ်ခြင်းကို အကျိုး ပြုနေသည်မှန်း မသိ။ ခုသေချာ ပြန်စဉ်းစားကြည့်လိုက်တော့ ၀င်းသိန်းစကားတွေက ငြင်းပယ်စရာ မရှိပါ။ ဒါဆိုကျွန်တော် စာဖတ်တတ်အောင် လေ့ကျင့်ပျိုးထောင်ပေးခဲ့တာ ဘယ်သူ လဲ။ သေချာပြန်စဉ်းစားဖို့ လိုလာပါပြီ။

“အစ်ကို လက်မခံလို့ မရပါဘူး။ ခုပဲ ကျွန်တော် အစ်ကို့ကို ၀မ်းသာစရာ သတင်းလာပေးတာ။ အစ်ကို ရာထူးတိုးနဲ့ နယ်ပြောင်းဖို့ အမိန့် ကျလာပြီ”

ဝင်းသိန်း ပြောလာသော စကားများကို ကျွန်တော် မကြားမိတော့။ အသိတရားတို့က မိုက်နောင်တကို ထင်ထင်ရှားရှား မီးမောင်းထိုးပြနေကြပြီ။ သည်နေ့ မနက်ပိုင်းအချိန်ကလေးထိ ကျွန်တော် မိုက်ခဲ့မိသည်ပဲ။ ဆရာဦး မိုးမြင့်နှင့် မနက်က ဆုံဖြစ်ခဲ့သည်။ ထိုအချိန်ထိ ဆရာ့အပေါ် ကျွန်တော် အမြင်မကြည်လင်ခဲ့တာ ပွင့်ပွင့်လင်းလင်း ၀န်ခံပါသည်။ ဆရာသည် ကျွန်တော့်အား နည်းမျိုးစုံ အပြစ်ဒဏ်ပေး၍ ရက်စက်ခဲ့သည့် ဆရာ တစ်ယောက် အဖြစ်သာ စိတ်မှာ အရိုးစွဲနေခဲ့သည်။ ကျွန်တော်များစွာ မှားခဲ့ပြီ။ ကျွန်တော် အလွန်ပင် မှားသွားခဲ့လေပြီ။

ထိုနေ့က ဆရာ့ရုံးခန်းထဲသို့ ကြောက်ရွံ့သောခြေလှမ်းများဖြင့် ကျွန်တော်လေးကန်စွာ ၀င်ဖြစ်ခဲ့၏။ ဆရာ ကျွန်တော့်အား ကြီးမားသော အပြစ်တစ်စုံ တစ်ရာပေးတော့မည်ဟု စိတ်ထဲစိုးထင့်၍ ကြောက်မိနေသည်။ သို့သော် ဆရာက ထူးထူးခြားခြား အပြစ်တစ်စုံတစ်ရာ မပေးဘဲ-
“ကဲ မောင်မင်းမင်း မင်းအကြောင်းတွေကတော့ မကြားချင်မှ အဆုံးပဲ ကွာ။ မနေ့က မင်း ရန်ဖြစ်တယ်ဆို။ တစ်ဖက်က ခေါင်းမှာ သုံးချက်တောင် ချုပ်ရတယ်တဲ့။ အဲဒီတော့ ဆရာ မင်းကို ကျောင်းထုတ်တဲ့ အထိ အပြစ်ပေးနိုင်တယ်။ မင်း ကျောင်းထွက်ချင်လား”

ကျွန်တော့်ရင်တစ်ခုလုံး တ၀ုန်းဝုန်း ခုန်နေကြသည်။ ကျွန်တော် ကျောင်း ထွက်၍ မဖြစ်၊ အိမ်ကသိလျှင် ပိုဆိုးလာနိုင်သည်။
“ကျွန်တော် ကျွန်တော် ကျောင်းတော့ မထွက်ချင်ပါဘူး ဆရာ”

“ဒါဆို မင်း ဆရာပေးတဲ့ အပြစ်ကို ကျေကျေနပ်နပ် လက်ခံမလား”

ဆရာ့အား မရဲတရဲ ကျွန်တော် ခေါင်းမော့ကြည့်မိလိုက်သည်။ ဆရာက ကျွန်တော့်အား ပြုံးပြုံးကြီး စိုက်ကြည့်နေသည့် အတွက်ကြောင့် အနည်းငယ်တော့ စိုးရိမ်စိတ် ပြေသွားမိ၏။ ဆရာကြီးလေးသည့် အပြစ်မပေးပါစေနှင့် ဟုလည်း ဆုတောင်းမိသည်။

“မစိုးရိမ်ပါနဲ့ မောင်မင်းမင်းရဲ့။ ဆရာ တခြား အပြစ်မပေးပါဘူး။ မင်း ဆရာနဲ့ အတူ ကျောင်းစာကြည့်တိုက်မှူး အဖြစ်နဲ့ တာဝန် ယူရမယ်။ အဲဒါဆရာ ပေးတဲ့ အပြစ်ပဲ။ ကဲ ဘယ်လိုလဲ”

“ဗျာ”

ကျွန်တော် ဆရာ့အား အံ့သြ မှင်တက်စွာ ငေးကြည့်နေမိခဲ့သည်။ သို့သော် ဆရာ ထိုသို့ အပြစ်ပေးသည်ပင် ကျွန်တော့်ကို အနုနည်းနဲ့ ရက်စက် လိုက်သည်ဟု ထင်မှတ်ခဲ့မိသည်။ အတန်းဖော် သူငယ်ချင်းများ ဆော့ကစားလေတိုင်း ကျွန်တော် မပါဝင်ခဲ့ရ။ ကျောင်းမတက်မီ နံနက်စောစော ထ၍ ဆရာနှင့် စာကြည့်တိုက်ထဲသို့ ကြိုရောက်နေရသည်။ ကျောင်းဆင်းလျှင် တော်တော် နှင့် အိမ်မပြန်ရသေးဘဲ နောက်ကျမှ ဆရာနှင့်သာ အတူပြန်ရသည်။

အတန်းဖော်သူငယ်ချင်းနှင့် မဆော့ရ၊ မလည်ပတ်ရလေတိုင်း ဆရာအား စိတ်ဆိုး၊ စိတ်ခုခဲ့မိလေသည်။ ဆရာ၏ နောက်ဆုံးနည်းက ရက်စက်ပြင်းထန် လှချည်လားဟု အောက်မေ့နေခဲ့မိသည်မှာ ယနေ့ အချိန်ထိတိုင်ပင် မဟုတ်ပါ လား။ ခုတော့ ထိုအမြင်တို့သည်ကား နေလာနှင်းပျောက်သည့်နှယ် လွင့်စင် ပျောက်ကွယ် ကုန်သည်နှင့် အတူ ကျွန်တော် ခြေလှမ်းတို့သည် ဆရာ ရှိရာသို့ ဦးတည်လျက်။

“တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေxxxတို့ပြည်xxxတို့မြေ များလူခပ်သိမ်းငြိမ်းချမ်းစေဖို့xxxခွင့်တူညီမျှဝါဒဖြူစင်တဲ့ပြည်xxx”

ဆရာ့အား တွေ့ချင်ဇောဖြင့် လျှောက်လာခဲ့သည့် ခြေလှမ်းတို့ ရုတ် တရက် တုံ့ကနဲ ဖြစ်သွားမိ၏။ နားစည်ထဲသို့ တိုးဝင်လာသည့် နိုင်ငံ တော် သီချင်းသံကြောင့် လူက အလိုလို သတိအနေအထားဖြင့် မတ်သွား၏။ ကျွန်တော် ရပ်နေသည့်နေရာမှာ ကားလမ်းမတစ်နေရာတွင် ဖြစ်သည်။ ထိုစဉ်-

“ဆက်သွား မောင်မင်းမင်း ဆက်သွား၊ ဒါဆရာတို့ အာဆီယံကျောင်း မဟုတ်သလို မင်းတို့ ဥပဒေရုံးလည်း မဟုတ်ဘူးလေကွယ်။ ဒါလမ်းမကြီး ကွဲ့။ အန္တရာယ် များပါတယ်ကွယ်”

“ဟင် ဆရာ”
ကျွန်တော် တအံ့တသြဖြင့် နောက်လှည့် ကြည့်မိလိုက်တော့ စက်ဘီး စုတ်ကလေးပေါ်မှ ဆင်းလာသည့်ဆရာ။ ဆရာ့မျက်နှာက ကျွန်တော် ပြောချင်နေသည့် စကားလုံးတိုင်းအား ကြိုသိနေ သည့်နှယ် ကျွန်တော့်အပေါ် ဟိုးယခင် အချိန် တုန်းကလို ကရုဏာလွှမ်းသော မျက်ဝန်းတို့ဖြင့် ပြုံး၍ကြည့်နေပါသည်။

“ဆရာက ကျွန်တော့် အလုပ်ကို သိနေ တယ်”

“သိတာပေါ့ကွ၊ ဒီနေ့ပဲ မင်း မြို့နယ်တရား သူကြီးရာထူးနဲ့ နယ်ပြောင်းမိန့် ကျလာတယ်ဆို တာလည်း သိတယ်”

“ဗျာ”

ကျွန်တော်ဆရာ့အား ဘယ်လိုစကားလုံး ဖြင့် တောင်းပန်ရမည်မှန်း မစဉ်းစားတတ်လောက် အောင် ဖြစ်ရ၏။ ဆရာက ကျွန်တော့်ကို အမြဲဂရု ထားခဲ့သည်ပဲ။
“ဆရာ ကျွန်တော် မိုက်ပါတယ် ဆရာရယ်။ ဆရာ့ကို ကျွန်တော် စော်ကားခဲ့မိတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ဖို့တောင် ကျွန်တော် ပြော မထွက်တော့ပါဘူး ဆရာရယ်”

“ဆရာ့စိတ်ထဲ မရှိပါဘူး မောင်မင်းမင်း ဒါကြောင့် တောင်းပန်ဖို့လည်း မလိုပါဘူးကွယ်။ ဆရာက အမြဲမင်းတို့ကို ခွင့်လွှတ်ပြီးသားပါ”

နောင်တတရားတို့ ရိုက်ခတ်လာသော အံ့သြ ၀မ်းသာစိတ်တို့နှင့် အတူ ကျွန်တော် ဆရာ့ဒူးနှစ် ဖက်အား ဖက်၍ အကြိမ်ကြိမ်ဦးညွတ်မိ၏။ ၀မ်း သာ၊ ၀မ်းနည်းဖြင့် ကျွန်တော့် နှုတ်မှာတော့ နောက်ထပ်မည်သည့်စကားလုံးတို့မှ ထပ်ကျ မလာနိုင်တော့။ ဆရာက ကျွန်တော့်ပခုံးကို ပုတ် ၍ အသာတွဲသည်။ သည်တစ်ကြိမ် ကျွန်တော် တိုက်မည့် လက်ဖက်ရည်သည် ဆရာ့အား လမ်းကြုံ၍ တိုက်သည့် လောက၀တ်ပြုသည့် လက်ဖက်ရည် မဟုတ်။ ကျွန်တော့်ရင်ထဲက ယိုစိမ့်ထွက်ကျလာသည့် မေတ်္တာဖြင့် ပါဝင်ဖျော် စပ်ထားသော အာစရိယ လက်ဖက်ရည်တစ်ခွက် ပင် ဖြစ်သည်။

ထို့အတူ သည်တစ်ကြိမ် ကျွန်တော်တိုက် မည့် လက်ဖက်ရည်အားလည်း ဆရာ ငြင်းလိမ့် မည် မဟုတ်ဆိုတာ သေချာနေလေတော့၏။
နိုင်ငံတော် သီချင်းသံသည်ကား ဆရာနှင့် ကျွန်တော့်နောက်၌ တဖြည်းဖြည်း တိုး၍၊ တိုး၍ ကျန်ရစ်ခဲ့လေတော့သတည်း။

မှူးဆက်ပိုင်၊ရွှေတောင်၊
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)

No comments: