Wednesday, March 14, 2012

ရွှေအမြုတေ မတ်လ 2012 မှာ ဖော်ပြခဲ့ရတဲ့ ကျွန်တော့်ရဲ့ ၀တ္ထုလေးပါ။ ဖတ်ပြီး ဝေဖန်ပေးကြပါဦး။

ရွှေကြေးစည် ဘယ်ပုံသံချို နှောပါလိမ့်
Written by မှူးဆက်ပိုင်


ဒီရပ်ကွက်လေးကို ကျုပ်တို့ လင်မယား ပြောင်းလာပြီး သုံးလလောက် အကြာမှာမှ အိမ်ဈေး ဆိုင်လေးကို ဖွင့်ဖြစ်တယ် ဆိုပါတော့။

အိမ်ဈေးဆိုင် ဆိုတော့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်က အစ စာရေး ကိရိယာ၊ ဆန်ကော၊ ဆန်ခါ၊ တောင်း၊ ပလုံး အလယ် အပ်ချည်လုံး၊ အပ် အဆုံး အကုန်တင် ရောင်းရတာ။ သုံးလဆိုတဲ့ အတောအတွင်း ကျုပ် ဒီရပ်ကွက်မှာ မှီတင်း နေထိုင်ကြတဲ့သူ အားလုံးရဲ့ အလုပ်အကိုင်၊ အကျင့်စရိုက်၊ လူနေမှု အားလုံးကို အပေါ်ယံလောက်တော့ စေ့စေ့ပေါက်ပေါက် သုံးသပ် ကြည့်မိပြီးပါပြီ။

ဉဏသမား နည်းပြီး ကာယကို လုံ့လ ပြုလုပ်ကိုင် စားသောက် နေကြရတဲ့ ချို့ချို့တဲ့တဲ့ ဒီရပ်ကွက်လေးဟာ ဘာဟန်ဆောင် ပကာသနမှကို မရှိပါဘူး။ ရိုးရိုးသားသားနဲ့ ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင် စားသောက်ကြရင်း တစ်ခါတစ်ရံတော့လည်း ၀မ်းစာ အပူက အခြေခံ လာကြတဲ့ ကတောက်ကဆတ် စကားများ၊ ရန်ဖြစ်၊ ထိပ်ပေါက်၊ ခေါင်းကွဲ ဆူဆူညံညံ အဆင့်ထိတော့ ဖြစ်ကြတာပေါ့။ သွေးအေး သွားကြတော့လည်း ဖြစ်ခဲ့တာတွေက နေလာနှင်းပျောက်၊ တစ်ယောက်ပခုံး တစ်ယောက်ဖက်လို့ ပြီးပြီးပျောက်ပျောက်၊ ပြုံးပြုံးပျော်ပျော်ပါပဲ။ အိမ်ဈေးဆိုင်လေးဖွင့်ပြီး တစ်ဖက်တစ်လမ်းက ဇနီးသည်ကို စီးပွား ရှာခိုင်းမယ်လို့ စိတ်ကူးမိတာက ကျုပ်မှာ အကြောင်းနှစ်ချက် ရှိတယ်။ ပထမ အချက်က ဒီရပ်ကွက်ဟာ မြို့မ စည်ပင်ဈေးနဲ့ ခပ်လှမ်းလှမ်းမှာ ရှိတာရယ်။ ဒုတိယ အချက်က ဒီပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ မိသားစုတစ်တွေရဲ့ ၀မ်းမီး ကို တတ်နိုင်သမျှ ဈေးရောင်းရင်း ကုသိုလ်ယူ ဖြေရှင်းပေး ချင်မိတာရယ်။

ကျုပ်မှာ ပြဿနာ တစ်ခု ရှိတာက ကျုပ်ရဲ့ဇနီး သည်ပါ။ မိန်းမတို့ သဘာဝ ပြဿနာ တစ်ခုကို ပြေလည်အောင် အဖြေရှာ ဖော်ထုတ်ရမယ့် အစား နှုတ်က ပေါက်ပေါက်ဖောက်သလို တတွတ်တွတ် မြည်တွန်တောက်တီး တတ်တာ။ ခုပဲကြည့် ကျုပ် အလုပ်က ရောက်မဆိုက်ပါ ပဲ။

“ကိုတင်အောင် ဘုရား ဖြစ်မယ့် အုတ်နီခဲကြီး။ ဒီမှာ ကျွန်မတို့ ဆိုင်ရဲ့ ရောင်းအားလေးကိုလည်း တစ်ချက်လောက် စာရင်းစစ်ကြည့် စမ်းပါဦးတော်”

ကျုပ်ဇနီး စကားစလို့ ငေါ့တော့တော့ လေသံပါလာ ပြီဆိုရင် ပြဿနာတစ်ခု မဟုတ် တစ်ခုတော့ ကျုပ်ကို ဆီးကြိုနေပြီဆိုတာ အတပ် သိလိုက်ပါရဲ့။

“မင်းမလည်းကွာ ငါ ခုမှ အိမ်ပေါက်ဝ ရောက်တာပါ။ တကယ်ပဲ မင်းဇာတ် လမ်းက စပြီ”

“သြော် တော်မှ ပြော တတ်ပါပေရဲ့။ ရှင်စတဲ့ ဇာတ်လမ်းလား၊ ကျွန်မစတဲ့ ဇာတ် လမ်းလား။ နည်းနည်း လောက်တော့ စဉ်းစားကြည့် စမ်းပါဦးတော်”

“ယောက်ျားကို ရေတစ် ခွက်ခပ်ပေးရကောင်းမှန်းလည်း မသိ။ ဆီးကြိုရကောင်းမှန်း လည်း မသိ။ အငေါ်တူးဖို့ လောက်ပဲ။ ကဲ ပြော ဆိုင်က ဘာဖြစ်နေလို့လဲ”

ကျုပ်ဇနီးသည်က နှုတ် ခမ်းတွန့် မျက်စောင်းထိုးပြီး မျက်နှာ ရှစ်ခေါက်ချိုးနဲ့ အကြွေးစာရင်းမှတ်တဲ့ လယ်ဂျာ စာအုပ်ကြီး ကျုပ်ကို ထိုး ပေးလာတယ်။ အားပါး မနည်းပါလား။ ရပ်ကွက် အတွင်းက အိမ်ပေါက်စေ့ ယူထားလိုက်တဲ့ အကြွေးတွေ။ ကျောင်းဆရာမဟောင်း အပျိုကြီး ဒေါ်တင်စိန်က လွဲရင် ကျန် အိမ်တွေက ဘယ်အိမ်မှ အကြွေးနဲ့ မလွတ်ပါလား။ မူလ အစ တည်မိပြီး ဆိုင်ဖွင့် စဉ်ကတည်းက ကျုပ် ဒီပြဿနာကို ကြိုတွေး ထားမိပါရဲ့။ ကြိုပြီးလည်း အစီအစဉ်တွေ ချထားမိပါရဲ့။ ဒါပေမဲ့ ဒီလောက် အကြွေး ကျလိမ့်မယ်လို့တော့ ကျုပ် မထင်မိပါဘူး။ ခုတော့လည်း ဘာတတ်နိုင်မှာလဲ။ ကျုပ် အပြစ်တွေချည်းပဲ မဖြစ်ရ လေအောင် ဟန်ကိုယ့်ဖို့တော့ ဇနီးသည်ရှေ့မှာ နေရမှာပဲ လေ။

“မင်းကလည်းကွာ။ အခြေခံ လူတန်းစားတွေ နေတဲ့ရပ်ကွက်ပဲ။ ဒီလောက် တော့ ရှိမှာပေါ့။ ငါပြောထား သလို မနက်အကြွေးလာယူ။ ညနေ အလုပ်ပြန်တော့ လာဆပ်။ အဲဒီလို ခေါက်ပြန်ကြွေးပဲ ပေးလေကွာ”

“ရှင့်အပြောကတော့ လွယ်လိုက်တာ။ ထမင်း လက်ဆေး စားလိုက်သလိုပဲ။ “ဆရာကတော်ရယ် အလုပ်ရှင်က ဒီနေ့ လုပ်အားခ ရှင်းမ ပေးသေးလို့ နောက်နေ့မှ ပေါင်းယူပါ။ ဒီနေ့တော့ ပေး လိုက်ပါဦးနော်”ဆိုတာမျိုး “ဆရာကတော်ကို ပေးဖို့ပါ။ ဒါပေမဲ့ အငယ်မကလေ ကောက်ကာငင်ကာ ထဖျား တော့ ဆေးဖိုးထဲ ပါသွားလို့ ငွေက ပဲ့သွားပြီ။ ဒါပဲ ယူ ထားပါဦးနော်” “ကျွန်မ ဆရာကတော်ကို အကူအညီ တောင်းရတာပါ” ဆိုတာမျိုး စတဲ့ စတဲ့ ဒါပေမဲ့တွေကို ရှင်မှ မကြားရဘဲကိုးရှင့်”

ဇနီးသည်ကို မျက်နှာလွှဲ ပြီး ကျုပ် သက်ပြင်း ခိုးရှိုက် မိတယ်။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ၀မ်းစာနဲ့ ပတ်သက်လာရင် လူတွေတော်တော် များများက အမှန်ရော၊ မုသားရောကို ဖောဖောသီသီ သုံးတတ်ကြတာ သဘာဝ မဟုတ်လား။
“ကဲပါကွာ ဒီစာရင်းထဲက ဘယ်သူ ယူထားတာ အများဆုံးလဲ။ ငါ တောင်းပေးပါ့မယ်။ သိပ်လည်း ပူညံပူ ညံ လုပ်မနေပါနဲ့”

ဘယ်နှကြိမ်မြောက် မှန်းမသိတဲ့ မျက်စောင်းက ကျုပ်ဆီ ဒိုင်းခနဲ ရောက်လာတယ်။ မသိကျိုးကျွန်ပြုရင်း သူထောက်ပြမယ့် နာမည် စာရင်းကို ကျုပ် ကြည့်လိုက် တယ်။
“ဒီမှာ ပထမ အများဆုံးက အောင်လွင်မိုး၊ ဒုတိယက မသန်းရွှေ ဘုန်းကြီးကျောင်း ဘေးကအိမ်၊ တတိယက ဒေါ်သောင်း”

“နေပါဦး အောင်လွင်မိုး ဆိုတာက ဒေါ်တင်စိန့်အိမ်ရဲ့ ခြေရင်းအိမ်က မဟုတ်လား။ ဧရာမြေ ဆီစက်မှာ လုပ်တာ လေ”

“ဟုတ်ပ ဟုတ်ပ ခြေထောက်ဆီပေပါ ပိလို့တဲ့။ အလုပ် မဆင်းနိုင်တာ တစ် ပတ်လောက်ရှိပြီ”

“သူ အလုပ်နားတုန်းမို့ ပါကွာ။ ပြန်လုပ်တော့လည်း ပေးလိမ့်မပေါ့”

“ရှင်က သူတော် ကောင်းလုပ်ချင်တာပဲ သိတယ်။ လူတွေအကြောင်း ရှင် ဘယ်လောက်သိလို့လဲ။ ဒီမှာ သူသူကိုယ်ကိုယ် ရာဂ ဏန်းကနေ ထောင်ဂဏန်း၊ ထောင်ဂဏန်းကနေ သောင်း ဂဏန်းထိ အကြွေးမြုပ်လာ ပြီဆိုရင် ပြန်ဆပ်ဖို့ လက်တွန့် ကြတာ ဓမ္မတာရှင့်။ ခုထောင် ဂဏန်းလောက်ကတည်းက လောဘဇော တိုက်ထားရင် တောင်မှ ဟင်း မြင်ယောင်ပါသေးတယ်တော်”

“အေးကွာ ပြီးရော ပြီး ရော။ ငါ ကြည့်တောင်းပေး မယ် ဟုတ်ပြီလား။ နောက်ရော ဘယ်သူတွေ ကျန်သေး လဲ”
ကျုပ်ဇနီးက ကျုပ်တောင်းရမယ့် အကြွေး စာရင်းကို နှုတ်ကလည်း တတွတ်တွတ် ရွတ်ပြ လမ်းညွှန်ရင်း လက်ကလည်း ကျုပ်ကို ပေးလိုက်ဖို့ စာရင်း သီးသန့်တစ် ရွက်ရေးနေလေရဲ့။ အင်း ဘာပဲဖြစ်ဖြစ် ဒီပြဿနာကိုတော့ ကျုပ် အနှေးနဲ့အမြန် ဖြေရှင်းပေးရမှာပါပဲလေ။

“ဟာ ဆရာ လာလာ ကြားသားမိုးကြိုးဗျာ။ ကျွန်တော့်အိမ်ကို ဆရာ ပေါက်ချလာတာ။ ဘုရားစင် အောက်နားကို တိုးထိုင် ဆရာ။ ဒီဘက်က ကြမ်း ပေါက်တွေနဲ့”

“အေးကွာ ဒီနေ့ ရုံး ပိတ်ရက်လည်း ဖြစ်နေတာ က တစ်ကြောင်း၊ ပြီးတော့ အင်း ဟိုဟာကွာ အဲ မင်း ခြေထောက်ဒဏ်ရာ ရတယ်လို့ လည်း ကြားလို့ သတင်း မေးရောက်လာခဲ့တာကွ”

“ကျေးဇူးပါပဲ ဆရာ ရယ်။ ခုလို အရေးတယူ သတင်း လာမေးတဲ့အတွက်။မိမော်ရေ ဆရာ့အတွက် တစ်ခုခု စီစဉ်ပါဦးဟ”

ကြောင်တောင်တောင် ရပ်ကြည့်နေတဲ့ အောင်လွင်မိုး ဇနီး မော်မော်က ကပျာက ယာ ဖျာအောက်က ငွေ အကြွေတချို့ကို စစ်ပေါက်ရေ တွက်နေတယ်။
“နေပါစေ မမော်ရယ်။ ကျုပ် ခုပဲ လက်ဖက်ရည်ဆိုင် က ထလာတာပါ။ ဘာမှ ဒုက္ခ မရှာပါနဲ့တော့”

ကျုပ်စကားကြောင့် အောင်လွင်မိုးရော၊ မော်မော် ရောက ဘာစကားမှ မတုံ့ပြန် တော့ပါဘူး။ ကျုပ်ကို ရှက် ရွံ့အားနာတဲ့မျက်နှာနဲ့ အနေ ရခက်နေကြတယ်။ ကျုပ် ကိုယ်တိုင်လည်း နေရ၊ ထိုင် ရတာ အသားမကျပါဘူး။ ကျုပ် လာရင်း အကြောင်း ပြောဖို့ကလည်း ပြောမထွက် ဘူးဖြစ်နေတယ်။ ဖြစ်ချင် တော့ အောင်လွင်မိုး သမီး အငယ်မလေးကလည်း သွေးလွန်တုပ်ကွေး ဖြစ်နေသေး သတဲ့။ ဆေးခန်း မပြဘူး လားလို့ စကားမရှိ စကား ရှာလိုက်မိတော့....

“ဘယ်နှယ့် ပြောလိုက် ပါလိမ့် ဆရာရယ်။ ဆရာနဲ့ ဆရာကတော် ကျေးဇူးကြောင့် သာ ထမင်းနပ်မှန်အောင် စားနေရတာ။ မတ်တတ်စာတောင် မနည်း။ တုံးလုံးစာ ဆေးဖိုး ဆိုတာတော့ ဝေးရော ပေါ့ဆရာ။ ဒါပေမဲ့ လမ်းထိပ် ဆေးဆိုင်က စပ်ပေးတဲ့ ဆေး လေး ၃ ခွက်စာတော့ တိုက်ထားပါတယ်”

နောက်ဆုံးတော့ အကြွေးမတောင်းဖြစ်ခဲ့တဲ့ အပြင် ကျုပ်အိတ်ကပ်ထဲက ပိုက်ဆံလက်ကျန်လေးပါ ခုန် ထွက်သွားခဲ့ရတော့တယ်။ ကျုပ်ဇနီးကတော့ ကျုပ်ကို အတော်လေး ယုံကြည်ကိုး စားသွားလေရဲ့။ ကြည့်လေ ကျုပ်ဇနီးပြောပုံက-
“ဝေဿန္တရာ လက်သစ်ကြီးရဲ့။ ကျုပ်ကိုပါ အလှူကြီး ပေးလိုက်ပါတော့ လားတော်”တဲ့။

ဘာပဲပြောပြော အဲဒီ နောက်ပိုင်းတော့ ကျုပ် ဘယ်အကြွေးကိုမှ လိုက်တောင်း မပေးရတော့ဘူး။ ပြီးတော့ အိမ်ဆိုင်နဲ့ ပတ်သက်ပြီးတော့ လည်း ဇနီးသည်ဆီက ဘာ တစ်ခုမှ ထူးထူးထွေထွေအသံ မကြားရတော့ဘူး။ အဲဒီလို ငြိမ်သက် နေတာကြာလာ တော့ ကျုပ် စိတ်ထဲ မရိုး မရွ ခံစားမိလာတယ်။ အမြဲ တမ်း ပူညံပူညံလုပ်နေတဲ့ မိန်းမလေ။

“နေစမ်းပါဦးကွ။ အိမ်ဆိုင်နဲ့ ပတ်သက်ပြီး မင်းဆီက ဘာတစ်ခုမှ ခုရက်တွေ ထဲ ထူးထူးခြားခြား မကြား ရပါလား”

“ဘုရားဒါယကာကြီး ရဲ့ မေတ္တာ၊ စေတနာတွေ ကြောင့်လား မသိပါဘူး တော်။ ခုရက်ထဲ အကြွေး သိပ်မကျပါဘူး။ အောင်လွင် မိုးလည်း အကုန်ဆပ်ပြီးသွား ပြီ”

“ဟုတ်မှ ဟုတ်ရဲ့လား ကွာ။ မင်း ငါ့ကို အရွဲ့တိုက် ပြီးပြောနေတာများလား”

ကျုပ်စကားကို ကြားတော့ ဇနီးသည်က ခွက်ထိုး ခွက်လန် တဟားဟားအော် ရယ်တယ်။ ဇနီးသည်မျက်နှာ ကို သေချာ အကဲခတ်ရင်း ဒင်း ငါ့ကိုများ အဟုတ် လှောင်ပြောင်နေရော့သလား ပေါ့။
“ကျွန်မ တကယ်ပြော နေတာ တော်ရဲ့။ ခုရက်ပိုင်း အောင်လွင်မိုးတင် မကဘူး။ အောင်သူဟိန်းတို့တောင် အကြွေး ရှင်းသွားတဲ့ အပြင် လာလာဝယ်ရင် ပိဿာချိန် တွေနဲ့ လက်ငင်းကို ၀ယ်ကြ တာ။ အလုပ်အကိုင် အဆင် ပြေကြတယ် ထင်ပါရဲ့”

ကျုပ် ကြားရတဲ့ သတင်းကတော့ မင်္ဂလာ အပြည့်ပါပဲလေ။
ကျုပ်မိန်းမ ပြော စကား အမှန်ဆိုတာကို နောက်မကြာခင် အချိန် အတောအတွင်းမှာပဲ ကျုပ် အတပ် သိလိုက်ပါတယ်။ အဲဒါက အောင်လွင်မိုးအိမ်နဲ့ ကပ်လျက်အိမ်က ကျောင်း အုပ်ဆရာမကြီး ဒေါ်တင်စိန် ရဲ့ ၀ါဆို သင်္ကန်းကပ်လှူပွဲမှာပါ။

အိမ်နီးချင်း ဆိုတော့ ဒေါ် တင်စိန်ရဲ့အလှူမှာ အောင် လွင်မိုးရဲ့ ခြေစ၊ လက်စနဲ့ကင်း တဲ့ အလုပ မရှိသလောက်ပေါ့။ ဝေယျာဝစ္စအလုပ်တွေ အပါ အ၀င် ဘုန်းကြီးပင့်၊ ဧည့်ခံရေး တာဝန်ယူစတဲ့ အရေး ကြီးတဲ့ အပိုင်းတွေပါ ဒီကောင် က တာဝန်ယူရတဲ့အဆင့် ရှိ ပါတယ်။
ဒီလိုအလှူမှာ ထဲထဲ ၀င်ဝင် ပါဝင် လုပ်ကိုင်ရတော့ အောင်လွင်မိုးလည်း အလှူကို အားကျလာတယ် ထင်ရဲ့။ ကျုပ်ကို စကား စလာတယ်။ “ဆရာ ကျွန်တော်လည်း ၀ါဆို သင်္ကန်းကပ် အလှူလေး လုပ်ချင်ပါတယ် ဆရာ။ ဆရာ ဦးဆောင်ညွှန် ကြားပြီး စီစဉ်ပေးပါဦး။ ကျွန်တော့် တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ ၀ါဆိုသင်္ကန်း မကပ်ဖူးသေးဘူး။ ကူညီပါ ဦးနော် ဆရာ”

“ဟာ ကူညီရမှာပေါ့။ ဒါမွန်မြတ်တဲ့ ကုသိုလ်ယူပွဲ ပဲကွ။အေးပါခုလို ကြားရတာ ငါ ၀မ်းသာပါတယ်။ သာဓု ဗျာ သာဓု သာဓု”

“တစ်ခုတော့ ရှိတယ် ဆရာ။ ဒေါ်လေးတင်စိန်က အလှူပြီးရင် ဘုန်းကြီးတွေ နဲ့ ရေစက်ချ အမျှဝေတယ် နော်”

“အေးလေကွာ။ ဒါမှ ဒါန ပိုမြောက်တော့မပေါ့ကွ”

“ဒါပေမဲ့ ဒေါ်လေးတင် စိန်က ကျောင်းအုပ်ဆရာမ ကြီးမို့လို့လား မသိဘူး။ ရေစက်ချရုံနဲ့မပြီးသေးဘူး ဆရာ ရဲ့။ ဆရာက ခုမှ ပြောင်းလာ လို့မသိတာ။ ကြည့်နေ ရေ စက်ချ တရားနာပြီးရင် ရွှေ ပြောင်ပြောင်ဘုရားက အင်္ဂါ ထောင့်မှာ ခေါင်းလောင်းထိုး ပြီး အမျှ ဝေဦးမှာဗျ။ ဘယ်လို အလှူပဲ လုပ်လုပ် အဲဒါ သူ့ရဲ့ အကျင့်ပဲ”

“ဟားဟား အောင်လွင် မိုးကလည်းကွာ။ ဒါတို့ ဗုဒ္ဓ ဘာသာတွေရဲ့ ပြုမြဲထုံးစံပဲ ကွ။ အလှူအတန်း ပြုပြီးရင် အဲဒီ ကိုယ်ရတဲ့ကုသိုလ် ကောင်းမှုတွေထဲက ဝေနေ ယျသတ္တ၀ါအားလုံးကို ကြား နိုင် သာဓုခေါ်နိုင်အောင် အမျှ ဝေတာ ဘာဆန်းသလဲ။ ကျောင်းအုပ်ဆရာမကြီးမို့ မဟုတ်ပါဘူးကွာ”

“ဟုတ်ပါတယ် ဆရာ ရယ်။ အဲဒါကိုပြောတာ။ ကျွန်တော့်အလှူကျရင် သူ့လို တော့ ဘုရားထဲသွားပြီး ခေါင်းလောင်းထိုးရမှာ နည်း နည်းတော့အမ်းတယ် ဆရာ။ ဘယ်လိုခေါ်မလဲ။ တစ်ခါမှ မလှူဖူး မတန်းဖူးတော့ မဏ္ဍပ်တိုင် တက်ပြတယ် ထင်မှာလည်း စိုးလို့။ အဲဒါ ကျွန်တော် ရေစက်ချ အမျှ ဝေပြီးရင် ကြေးစည်တော့ ထုချင်တယ်ဆရာ။ အိမ်မှာက ကြေးစည်မပြောနဲ့၊ အသံသာ တာဆိုလို့ စတီးလင်ပန်း တောင် မရှိချင်ဘူး။ ဆရာ့ အိမ်က ကြေးစည်လေး ခဏ တော့ ငှားပါနော်။ ဒေါ်လေး တင်စိန်ကို အားကျလို့”

ကျုပ် အောင်လွင်မိုး ခေါင်းကိုပုတ်ပြီး တဟားဟား အော်ရယ်မိတယ်။ ဟုတ် လည်း ဟုတ်ပါရဲ့။ ဟိုက အပျိုကြီးပီပီ အများနဲ့ မတူ ဇီဇာကြောင်တဲ့ စရိုက်လက္ခ ဏာတော့ရှိလိမ့်မပေါ့။ ဒါကို မှ ဒင်းက လိုက်ပြီး အတုယူ ချင်သတဲ့လေ။ ဘာပဲဖြစ်ဖြစ် အောင်လွင်မိုးရဲ့ အလှူကို တော့ ကျုပ် တတ်စွမ်းသမျှ ကူညီဖို့ ဆုံးဖြတ်လိုက်မိ တယ်။


“ဘာ ဘယ်လို အောင်လွင်မိုး အလုပ်ပြုတ်သွားပြီ ဟုတ်လား”

သတင်းပေးလာတဲ့ ဇနီးသည်ရဲ့ စကားကြောင့် ကျုပ် ရေသီးမတတ်ဖြစ်သွားတယ်။ အလုပ်က ပြန်ရောက် ရောက်ချင်း ရေတောင် ဖြောင့် အောင် မသောက်ရဘူး။

“ဟုတ်တယ်တော်ရေ့။ ကံကောင်းလို့ ထောင်မကျ တာတဲ့။ ဆီစက်က ဆီတွေ ခိုး ခိုးထုတ်နေတာ ကြာပြီတဲ့။ အခုမှ အလုပ်ရှင်က သတင်းပေးတဲ့သူ ရှိလို့ စောင့်ဖမ်း လိုက်တာတဲ့။ အဲဒီသတင်း ပေးတဲ့သူကပဲ ရဲလက်မအပ် ပါနဲ့လို့ တောင်းပန်တာတဲ့”

“ဟုတ်ရော ဟုတ်ရဲ့ လားကွာ”

မယုံရဲသေးဟန်နဲ့ ဇနီး သည်ကို သေချာထပ်မေးရ တယ်။ အောင်လွင်မိုးဆိုတဲ့ ကောင်က ဒီလိုလုပ်သတဲ့ လားပေါ့။ သူတို့ ချောင် လည်နေတာကို ကြည့်ပြီး ကျုပ်မှာ ပီတိဖြစ်လို့ မဆုံး သေးဘူး။ ခုသတင်းဆိုးက-

“သတင်းက အမှန်ပါ ရှင်။ အောင်လွင်မိုးတို့ အလှူ အတွက် အိမ်ကိုပြန်ပြင် ကြတယ်တဲ့။ ကြမ်းခင်းတွေ အသစ်ခင်း၊ သယ်ကယ်မိုး တွေကို သွပ်တွေတင်နဲ့ ပြင်ကြ ဆင်ကြတော့ ဘေးအိမ် မှာနေတဲ့ ဒေါ်တင်စိန်က စိတ်ထဲ နည်းနည်းတော့ စနိုး စနောင့်ဖြစ်မိသတဲ့။ ဒါနဲ့ ဆီစက် အလုပ်ရှင်ဆီ ဖုန်း ဆက်၊ အောင်လွင်မိုး ရတဲ့ လုပ်အားခတွေကိုမေး၊ တစ်ရက်ချင်း၊ တစ်လချင်း စာရင်း ချတွက်၊ ဘေးပတ်ဝန်းကျင် ကိုလည်း လိုက်ပြီး စနည်း နာ၊ နောက်ဆုံး ဆီစက် အလုပ် ရှင်ကလည်း ဟုတ်လိုဟုတ် ငြားဆိုပြီး မသိမသာ စောင့် ဖမ်းတာ မိရောတဲ့။ ခု ကျုပ်လည်း အောင်လွင်မိုးနဲ့ မမော် အကြွေး လာယူရင် ဘယ်လို ပြောပြီး ငြင်းလွှတ်ရမလဲ စကားလုံး ရွေးနေတာ။ ဒီလို စာရိတ္တမျိုး ရှိသူတွေကိုတော့ အကြွေးမပေးရဲပေါင်တော်”
“ဟာကွာ မင်းကတစ်မှောင့်။ သူများ ဒုက္ခရောက် နေချိန် ကိုယ်ကပါ မီးလောင် ရာ လေပင့် လုပ်ချင်သေးတယ်”

ထုံးစံအတိုင်း ဇနီးသည်က ကျုပ်ကို ပွစိ၊ ပွစိ မြည်တွန်တောက်တီးတယ်။ ကျုပ် ရင်ထဲ ဘယ်လိုဖြစ် သွားမှန်း မသိဘူး။ ဘုရားခန်းက ကြေး စည်လေးကို အသာပွတ်ပြီး ဒီကြေးစည်လေး အောင်လွင် မိုးအိမ်ကို ရောက်ဖို့မှ အကြောင်းပါရဲ့လား မသိလို့ တွေးနေတုန်း၊ ဇနီးသည်ဆီက စကားတစ်ခွန်း ထပ်ကြား လိုက်ရတယ်။

“ဒါထက် ဒေါ်တင်စိန် ကြီးက အဒိန္နာဒါနာကံကို ဖော်ထုတ် ပေးနိုင်လို့တဲ့ ကောင်းမှု ကုသိုလ်တစ်ခု အနေနဲ့ ဘုရားမှာ ခေါင်းလောင်းထိုး အမျှဝေသတဲ့ တော်ရေ။ ဘုရားဖြစ်မယ့် အုတ်နီခဲကြီး ရှင်လည်း သာဓု ခေါ်ချင် ခေါ်လိုက်ဦး”

ကျုပ်ခန္ဓာကိုယ်က ဆတ်ခနဲ မတ်သွားတယ်။ ကျုပ် အောင်လွင်မိုးကို အမျှ ဝေရမှာလား။ ဒါမှမဟုတ် ဒေါ်တင်စိန်ကို သာဓုခေါ်ရ မှာလား။ အင်း ကျုပ်လည်းနေရ ထိုင်ရတာ ပိုပြီး ဂနာမငြိမ် ဖြစ်လာတယ်။ အလုပ်ကခွင့် နှစ်ရက်လောက်ယူပြီး နား ရင်ကောင်းမလားလို့။



မှူးဆက်ပိုင်၊ရွှေတောင်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂)

No comments: